မြန်မာနိုင်ငံ၏ စီးပွားရေးကျပ်တည်းလာမှုနှင့်အတူ စစ်ကောင်စီ၏လစာနှင့် တရားမဝင်လုပ်ပိုင်ခွင့်များကို မက်မောမှုနှင့် ဖိအားပေးဝင်ရောက်ခိုင်းမှုများကြောင့် တမူးမြို့တွင် ပျူစောထီးတပ်ဖွဲ့ဝင်အင်အား ပိုမိုများပြားလာကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။
တမူးမြို့ပေါ်နေပြည်သူများအနေဖြင့် စားဝတ်နေရေးခက်ခဲလာမှုများကြောင့် စစ်ကောင်စီလက်အောက်က တရားမဝင်လုပ်ပိုင်ခွင့်များကို မက်မောကာ ပျူစောထီးအဖွဲ့အတွင်းသို့ ဝင်ရောက်သွားသူများရှိသလို စစ်ကောင်စီလက်အောက်ခံများ၏ ဖိအားပေးမှုများကြောင့် ဝင်ရောက်သွားရသူများလည်းရှိကြောင်း တမူးမြို့ခံတစ်ဦးက ရှင်းပြသည်။
“ အခုက မြို့ပေါ်မှာ အရင်ကထက် ပျူတွေထပ်ထပ်တိုးလာတယ်။ အရင်က ပျူမရှိတဲ့ရပ်ကွက်တွေတောင် အခုကရှိလာပြီ။ ရပ်ကွက်ထဲမှာ ကင်းပတ်တာတွေဘာတွေလုပ်နေတာ။ စားဝတ်နေရေးကျပ်တည်းတာတွေရော၊ အလုပ်အကိုင်မရှိတာတွေရော ခက်ခဲကြတဲ့လူတွေရှိတော့ ဝင်ကြတာပေါ့။ မြို့ပေါ်မှာတော့ ပျူတွေပိုတောင်များနေတဲ့ အခြေအနေရှိတယ်” ဟု ၎င်းကဆိုသည်။
တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာတွင် ပျူစောထီးအဖွဲ့များက ကျေးရွာလုံခြုံရေးအကြောင်းပြကာ မတ်လ ၇ ရက်မှစတင်၍ တစ်အိမ်တစ်ယောက်ခေါ်ယူမှုများရှိသကဲ့သို့ တမူးမြို့၊ စော်ဘွားရပ်ကွက်ရှိ နေအိမ်များကိုလည်း စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့အတွင်းဝင်ရန် လိုက်လံစာရင်းကောက်နေကြောင်း သိရသည်။
“ ဟဲဇင်းနဲ့စော်ဘွားရပ်ကွက်တွေဘက်မှာ တစ်အိမ်တစ်ယောက်ခေါ်နေပြီကြားတာပဲ။ မြို့ပေါ်လည်း ဘယ်အချိန်လာဆွဲမလဲမသိဘူး။ သူတို့ထဲ အပါတော့မခံဘူး။ တခုခုဆို ရှောင်နိုင်အောင်အစီအစဥ်ဆွဲနေရတာ” ဟု တမူးမြို့ပေါ်နေ လူငယ်တစ်ဦးက MPA ကိုပြောသည်။
စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက အတည်ပြုပြဌာန်းခဲ့ပြီးနောက် တမူးမြို့ပေါ်နေလူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများစိုးမိုးနယ်မြေအတွင်း ထွက်ပြေးခိုလှုံမှုများရှိသကဲ့သို့ အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများလည်းရှိနေသည်။
လက်ရှိတမူးမြို့ပေါ်တွင် စစ်ကောင်စီ၊ ပျူစောထီး၊ ကသည်းလက်နက်ကိုင်အဖွဲ့နှင့် ရှမ်းနီတပ်မတော် စုစုပေါင်းအင်အား ၁၀၀၀ ခန့် အခြေချနေထိုင်လျက်ရှိပြီး ခိုးမှု၊ ဓားပြမှုနှင့် လုယက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။