စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်တွင် ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံရေးအကျဥ်းသား ၅ ဦး အောက်ပိုင်းချိနဲ့သည့် ရောဂါဝေဒနာခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
အကျဉ်းထောင်အတွင်း အကျဉ်းသားများ အခြေခံရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို အပြည့်အဝမရရှိဘဲ ထောင်အာဏာပိုင်တွေက ထိန်းချုပ်ကန့်သတ်ထားခြင်းကြောင့် ယခုကဲ့သို့ အောက်ပိုင်းချိနဲ့သည့် ရောဂါခံစားနေရခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“အစားသောက်တွေလည်း ကန့်သတ်ခံထားရတယ်၊ အိမ်ကပို့ချင်တာမပို့ရဘူး။ သူတို့ကျွေးတဲ့ အစားအစာတွေကလည်း ဗီတာမင်ဓာတ်မပြည့်ဝတာတွေပါတော့ အခုလိုအောက်ပိုင်းချိနဲ့တဲ့ရောဂါခံစားရတာ၊ ပြီးတော့ တန်းပိတ်ချိန်တွေအရမ်းများလာတယ်၊ အခန်းကျဉ်းလေးထဲမှာပဲနေရတော့ လှုပ်ရှားမူအားနည်းပြီး ဒီရောဂါက ဖြစ်ရတာပေါ့၊ ဖြစ်တာက အသက် ၂၀ ကျော် ၃၀ အရွယ်တွေဖြစ်တာ”ဟု ၎င်းက ရှင်းပြသည်။
အခြားအကျဉ်းထောင်များတွင်လည်း အကျဉ်းသားများအောက်ပိုင်းချိနဲ့သည့် ရောဂါဝေဒနာခံစားနေကြရပြီး ရွှေဘိုအကျဉ်းထောင်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အကျဉ်းသား ၅၀ ထက်မနည်း အောက်ပိုင်းချိနဲ့ ရောဂါ ဖြစ်ပွားနေကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ပြောသည်။
“အဲဒီရောဂါ ဖြစ်ရင် ၃ လလောက်ကြာတယ်၊ တချို့ကလည်း ၂ လလောက်ပေါ့၊ သောက်ရတဲ့ ဆေးတွေအပေါ်မူတည်ပြီးကွာသွားတာ၊ ဒီရောဂါဖြစ်လာရင်တော့ အိမ်သာတက်တာ၊ ရေချိုးတာတွေက အစခက်ခဲလာတယ်။အဲဒါကြောင့် အကျဉ်းထောင်တွေထဲမှာ ဆေးဝါးလုံလုံလောက်လောက် ထားရှိပေးရမယ်၊ ထောင်အာဏာပိုင်တွေမပေးနိုင်ရင် မိသားစုတွေပေးပို့တဲ့ဆေးဝါးတွေကို အကျဥ်းသားတွေဆီ အချိန်မီပို့ပေးဖို့လိုအပ်တယ်“ဟု ၎င်းကဆိုသည်။
ထိုရောဂါခံစားနေရသော အကျဉ်းသားများအနေဖြင့် အချိန်မီဆေးကုသခွင့်မရရှိလျှင် အသက်ဆုံးရှုံးနိုင်ခြေရှိပြီး အကျဉ်းသားများ ခါးအောက်ပိုင်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများကြောင့်လည်း ယခုလိုအောက်ပိုင်းချိနဲ့သည့်ရောဂါ ဖြစ်လာနိုင်ကြောင်းCDM ဆရာဝန် ဒေါက်တာယုကီ( Yuki ) က မှတ်ချက်ပြုပြောဆိုသည်။
“အကျဥ်းသားတွေအနေနဲ့ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ကုသမှုခံရသင့်ပါတယ်၊ ခြေလက်မဆွဲချင်တာ မလှုပ်ချင်တာ၊ လေးလံတာ၊ လမ်းမလျှောက်နိုင်တာကနေ အဆိုးဆုံး နှလုံးထိခိုက်ရင်တော့ အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်နိုင်ချေတွေရှိတယ်၊ ပြီးတော့ အခုလိုရောဂါဖြစ်တာက အကြောင်းအမျိုးမျိုးရှိတယ်၊ အဟာရချို့တဲ့မှုနဲ့ဆိုင်သလို ဆီးချို၊ သွေးတိုးရောဂါရှိတဲ့လူတွေလည်းဖြစ်နိုင်တယ်၊ ပြီးတော့စစ်ကြောရေးတွေမှာခါးတွေ ခါးအောက်ပိုင်းတွေ နှိပ်စက်ခံထားရတဲ့သူတွေလည်း ဒီရောဂါက ဖြစ်နိုင်တယ်”ဟု ဒေါက်တာယုကီ (Yuki) က ပြောသည်။
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင်လည်း ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂ ဦး ကျန်းမာရေး မကောင်းမှုအပေါ် ထောင်အာဏာပိုင်များက ဆေးဝါးလုံလောက်စွာ ကုသမပေးခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။