စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ စိုက်ပျိုးရေးရုံးနှင့် စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံးပြီး ၅ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Myaung Special People Defense Force(MSPDF)က ယနေ့(မတ် ၁၀ရက်)တွင် ထုတ်ပြန်သည်။
ယမန်နေ့(မတ် ၉ရက်)၊ မနက် ၁၁နာရီ ၁၀မိနစ်က ချောင်းဦးမြို့နယ် စိုက်ပျိုးရေးရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း၅စင်းဖြင့် ဗုံးသီး ၁၅လုံးကြဲချတိုက်ခိုက်ခဲ့ပြီးနောက် ချောင်းဦး-မြင်းမူလမ်းမပေါ်တွင် တပ်စွဲထားသည့် ခရေဖြူ စစ်ဆေးရေးဂိတ်ကို ဗုံးသီး ၁၀လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင်း Myaung Special People’s Defense Force- ပြန်ကြားရေးတာဝန်ခံ လွင်ဂူး ကပြောသည်။
“ ချောင်းဦးစိုက်ပျိုးရေးရုံးကို စိုက်ကွင်းရုံးလို့လည်းခေါ်တယ်။ အင်အားကတော့အတိအကျမသိရဘူး။ ခရေဖြူဂိတ်က မုံရွာ-မြင်းမူလမ်းပေါ်မှာ ဆတ်ကြေးကောက်တာတွေရှိတယ်။ အင်အားက ၅၀၀န်းကျင်လောက်ရှိတယ်။၂ နေရာလုံးကိုတစ်ပြိုင်နက်ချတာ” ဟု ၎င်းက ပြောသည်။
အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ နှစ်နေရာလုံးက ဆက်တိုက် ပြန်ပစ်တာ၊ ကျတော်တို့အထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်။ သေတဲ့စစ်သားအလောင်းတွေကို ချောင်းဦးမှာပဲထားတာ၊ အတွင်းသတင်းအရသေတာအတည်ပြုရတယ်” ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
အထက်ပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ(၂) / တပ်ခွဲ(၃)၊ မုံရွာခရိုင်အမှတ်(၈)တပ်ရင်း၊ ရန်ရှင်းစစ်ကြောင်း၊ မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း၊CHAUK PDF၊Golden Eagle တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။