မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား၈ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ် ၈ရက်၊ မနက် ၈နာရီခန့်တွင် အင်အား ၁၀၀ကျော်ဖြင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ရွာကြီးကျေးရွာသို့ ဝင်ရောက်ချိန်၌ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ စစ်ကြောင်း၀င်လာတာ ဘာလမ်းကြောင်းရှိလို့လဲမသိဘူး။ လမ်းဘေးမှာလည်းကင်းပုန်းချပြီး ရွာကြီးရွာကို၀င်လာတာ၊ ရွာကြီးရွာထဲကို စစ်သားတွေအကုန်လုံးဝင်လာပြီး အစုလိုက်အပြုံလိုက်ရှိနေတဲ့အချိန်မှာ ဗုံးကြဲခဲ့တာပေါ့၊ ၈သောက်သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်” ဟု၎င်းက ပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ဆိုသည်။
“ ပူးပေါင်းတိုက်ခဲ့တဲ့ မဟာမိတ်အဖွဲ့တွေကများတယ်။ ကျတော်တို့ အနီးအနားရှိတဲ့ နှစ်ဖွဲ့ထဲတင် ဗုံးသီးလေးလုံးကြဲခဲ့တာ၊ ကျန်တဲ့အဖွဲ့တွေလည်း ဗုံးကြဲတိုက်ခိုက်တယ် “ ဟု ၎င်းကပြောသည်။
အထက်ပါတိုက်ခိုက်မှုကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ၊ မန္တလေး – Mdy တပ်ရင်း ၃-တပ်ခွဲ ၁၊ ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၊ မြင်းခြံ ပ.က.ဖ၊ M G 6 PDF နှင့် Tiger Brother မြစ်သား PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကုက္ကဲရွာရဲစခန်းနှင့် ချစ်မြစ်ကျင်းကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း သိရသည်။