စစ်ကိုင်း – မုံရွာ – ရွှေဘို ကားလမ်းပေါ်တွင် ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်ကြီးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၉ ရက်၊ နံနက် ၇ နာရီ မိနစ်၅၀ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ ရဲ ၄ ဦးသည် စစ်ကိုင်းမြို့နယ်အပိုင် စစ်ကိုင်း-မုံရွာ- ရွှေဘိုလမ်းပိုင်း၌ ဆက်ကြေးကောက်နေစဉ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Taw Twin Tup Pee (Local)ကသတင်းထုတ်ပြန်သည်။
“ရဲတွေက ကားရပ်ပြီး ပိုက်ဆံကောက်နေတာကို ကားချင်းကပ်ပြီးပစ်တာပါ။ရဲ ၄ ယောက်လုံးသေပါတယ်။ကျနော်တို့က ကားကိုမောင်းပြီးပြန်လာလိုက်တယ်။အလောင်းတွေကိုတော့ အဲ့ဒီနေရာမှာပဲထားခဲ့လိုက်တယ်”ဟု Taw Twin Tup Pee-Local(စစ်ကိုင်းမြို့နယ်-ရပ်/ကျေး ပကဖ) ခေါင်းဆောင် ကိုကျန် ကပြောသည်။
ရဲများထံမှ G-3 သေနတ် ၂ လက်၊အူဇီ(BA-63)၁လက်၊ ပစ္စတို(Glock)၁လက်၊ကျည်အိမ် ၃ ခု၊ကျည် အတောင့်၂၀၀ ၊လက်ပစ်ဗုံး ၁ လုံးနှင့် AD VAN အမျိုးအစား ကား ၁ စီး တို့သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
ယင်းရဲများသည် ဝန်ကြီးလမ်းကြောင်း လုံခြုံရေးတာဝန်ယူနေစဉ် PDF တို့ပစ်ခတ်ခဲ့သည်ဟု သတင်း ထွက်နေခြင်းမှာ မဟုတ်ကြောင်း ကိုကျန်က ဆိုသည်။
“စစ်မှုဒုဝန်ကြီးလမ်းကြောင်းဆိုတာ မဟုတ်ဘူးဗျ။ဘာလူကြီးလမ်းကြောင်းမှမရှိဘူး။ဒီကောင်တွေ ဆပ်ကြေးကောက်တာကို ဖုံးချင်လို့ လူကြီးလမ်းကြောင်း လုံခြုံရေးဆိုပြီး တမင်သတင်းဖုံးတာ။ကျနော်တို့ ၁ လလောက်ကတည်းက စောင့်ကြည့်နေတာ။အရပ်ဝတ်တွေနဲ့လာတယ်။တစ်ခါတလေ ယူနီဖောင်းနဲ့။ဒီတစ်ခါတော့ ကျနော်တို့ သတင်းအရယူပြီးတော့ ပြည်သူလည်း မထိခိုက်အောင်လုပ်ဆောင်လိုက်တာပါ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီး နေ့ခင်း ၁၂ နာရီဝန်းကျင်တွင် စစ်ကိုင်းအခြေစိုက် တပ်မ-၃၃ မှ စစ်သားများ အလုံးအရင်းဖြင့် ရောက်ရှိလာပြီး သေဆုံး ရဲအလောင်းများကို စစ်ကိုင်းမြို့သို့သယ်ဆောင်သွားကာ အနီးဝန်းကျင်ရှိ စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် စားသောက်ဆိုင်အတွင်းမှ ပြည်သူများအား ဖမ်းဆီးသွားကြောင်းသိရသည်။
“ပစ်ခတ်မှုဖြစ်ပြီးတော့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ စားသောက်ဆိုင်ထဲမှာစားသောက်နေကြသူတွေ ကိုလည်းဖမ်းတယ်။ဘယ်နှစ်ယောက်လောက် အဖမ်းခံရသလဲ ဆိုတာတော့ကျနော်တို့လည်း သတင်းထောက်မရဘူးဗျ။ပြန်ကပ်ဖို့ကလည်း ခက်တယ်။သူတို့က အလောင်းလာကောက်တော့ တပ်ဖြန့်လိုက်တာ။အဖမ်းခံရသူတွေ ဒီနေ့(မတ်၁၀ရက်)မနက် ပြန်လွတ်လား၊မလွတ်လား တော့ ကျနော်တို့လည်းမသိရသေးဘူးဗျ”ဟု ရပ်ကျေး ပကဖ ရဲဘော်တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Taw Twin Tup Pee – Local နှင့်နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရဲများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။