ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ ၃၅၅ တပ်ရင်းကို ယနေ့၊ နေ့လယ်ပိုင်းတွင် KNLA/PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ ၃၅၆ အပါအဝင်ကျန်သည့် စစ်ဗျူဟာကုန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
အဆိုပါ ခမရ ၃၅၅ တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီထံမှ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများအပြင် MA series သေနတ်အများအပြား၊ စက်လက်၊ ကျည်ဆံနှင့် လက်နက်ကြီးကျည်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရသည်။
“ အခုထိတိုက်ပွဲဖြစ်နေတုန်းဆိုတော့ သူတို့ဘက်က ဘယ်လောက်သေတယ်ဆိုတာ သေချာမသိရသေးဘူး။ သေနတ်တွေကတော့ အများကြီးရတယ်။ လေကြောင်းပစ်စက်လက်က အရင်အဲ့ဒီတပ်ရင်းမှာရှိတယ် သူတို့တွေဆုတ်တဲ့အချိန် ယူသွားလားမသိဘူး” ဟု မြေပြင်တိုက်ပွဲတွင် ပါဝင်နေသည့် ရဲဘော်တစ်ဦးက ဆိုသည်။
ယခုတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များဘက်ကလည်း ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း အသေးစိတ်အချက်အလက်ကို MPA က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
“ ဒီနေ့ ညနေပိုင်းကလဲ သင်္ဃန်းညီနောင် တာဝါတိုင်စခန်းကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတယ်လို့ သိရတယ်” ဟု PDF ရဲဘော်တစ်ဦးက ဆက်လက်ပြောသည်။
သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ တပ်ရင်းများနှင့် စစ်ဗျူဟာကုန်းနေရာများကို ယမန်နေ့၊ နံနက်ပိုင်းမှ စတင်၍ KNLA/PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ပြီး ယခုအချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကာ စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲကြောင့် ဒေသခံများအနေဖြင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။