ရှမ်းပြည်နယ်တောင်ပိုင်း၊ ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချပြီးနောက် ဒေသခံနှင့် PNLA ရဲဘော်အချို့ အဆိပ်သင့်လက္ခဏာ ခံစားနေရကြောင်း သိရသည်။
ဆီဆိုင်မြို့ကို စစ်တပ်က မတ်လ၆ရက်တွင် လေကြောင်းမှ ဗုံးကြဲပြီးနောက် ဒေသခံပြည်သူ ၅ဦး ထက်မနည်းနှင့် PNLA ရဲဘော်၈ဦးတို့ အဆိပ်သင့်လက္ခဏာများ ခံစားခဲ့ရကာ ယနေ့(မတ်၈ရက်)အထိ ဆေးကုသမှုခံယူနေရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA )ထံက သိရသည်။
“ ခံစားရတဲ့ ဝေဒနာတွေက အတူတူဖြစ်တယ်ပေါ့နော် ။မူးဝေတာ ၊ အရေပြားတွေ ယားတာ ၊ စိတ်အတက်အကျ မြန်တာ ၊ အောက်ဆီဂျင်ကျတာ၊ အဲ့လိုမျိုးတွေက ပုံစံတူဖြစ်တယ်ပေါ့လေ။အခုအချိန်မှာဆေးဝါးကုသ မှုတွေပြုလုပ်ဆဲဖြစ်တယ် ” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ယင်းကြဲချလိုက်သည့် ဗုံးမှာ ဓာတုဗုံးဟုတ်၊မဟုတ် စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယနေ့(မတ်၈ရက်)နံနက် ၁၁နာရီခန့်ကလည်း စစ်ကောင်စီတပ်သည် ဟိုပုံးမြို့နယ်၊ ကျောက္ကဆျားကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာသားတစ်ဦးဖြစ်သူ ဦးခွန် ထွန်း(အသက်၅၀) ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ နေအိမ် ၆လုံး ပျက်စီးသွားတယ်။ရွာမှာ ဘာတိုက်ပွဲမှလည်း မရှိဘူး။PNLAတပ်တွေလည်း မရှိတာကို သက်သက်လာကြဲသွားတာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် PNLAတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ရေးပြင်းထန်လျက်ရှိကြောင်း သိရသည်။