ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ တစ်လအတွင်း လိုင်ဆင်မဲ့ကား အစီး ၅၀၀ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်မှ စတင်ကာ စစ်ကောင်စီသည် လားရှိုးမြို့အတွင်း စစ်ဆေးရေးတင်းကျပ်ပြီး လိုင်ဆင်မဲ့ကားများကို နေ့စဉ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဖမ်းတာ ကား အစီးရေ ၅၀၀ ရောက်ရှိပြီ၊ ကားအသစ်တွေ၊ ဈေးကြီးတဲ့ ကားကိုပဲရွေးဖမ်းတာ၊ တချို့ဆိုရင် ကားတောင်းမစီးရဲတော့ဘူး”ဟု လားမြို့ခံ အမျိုးသားတစ်ဦးက MPAကို ပြောသည်။
ထို့ပြင် ယမန်နေ့(မတ် ၇ရက်)မှ စတင်ကာ လားရှိုးမြို့အတွင်း ညမထွက်ရအမိန့်ကို စစ်ကောင်စီက ကားဖြင့် လိုက်လံ ကြေညာခဲ့ပြီး မလိုက်နာပါက ပြင်းပြင်းထန်ထန်အရေးယူမည် ခြိမ်းခြောက်မှုများလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“မနေ့ညက တစ်ယောက်ပစ်သတ်ခံရတယ်လို့ ပြောကြတယ်။ ဘယ်နားလဲတော့ သေချာမသိဘူး။ ကားတွေကိုလည်း စစ်တယ်။ မသင်္ကာရင် ဖမ်းသွားတယ်။ ရိုက်ခံရတယ်။ လားရှိုးကနေလို့မကောင်းတော့ဘူးဗျာ၊ မြို့ပျက်ဖြစ်တော့မယ် ”ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
လားရှိုးမြို့အတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက သေနတ်ကိုင်ဆောင်ကာ ငွေကြေးချမ်းသူများ၊ လုပ်ငန်းရှင်များ၏ နေအိမ်များသို့ ဓားပြတိုက်မှုများလည်းရှိနေကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၅ရက်တွင် လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၆ခု၊ ကိုးကန့်ဒေသရှိ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်သည်။