စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းရွာမြောက်ဘက် သရက်ခြံတွင် စစ်ကောင်စီက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သွားပြီး ပြည်သူ သုံးဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
ယနေ့ ( မတ်လ ၈ရက် )၊ မနက်ပိုင်းတွင် ရွှေဘိုခမရ ၁၂ မှ အင်အား ၇၅ယောက်ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဟန်လင်းရွာမြောက်ဘက် သရက်ခြံထဲတွင် စစ်ရှောင်နေသည့် အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
“ စစ်ကြောင်းက မနေ့ညထဲက တောက်လျှောက် ပတ်ထိုးနေတာ၊ ဒီနေ့ မနက်ပိုင်းက အသတ်ခံရတာ စစ်ရှောင်အမျိုးသမီးဗျ၊ ရှောင်နေတဲ့နေရာကို တွေ့သွားပြီး သတ်ခံလိုက်ရတဲ့ပုံပါပဲ” ဟု ၎င်းကပြောသည်။
ထို့ပြင် ယင်းစစ်ကြောင်းသည် အသက် ၄၀အရွယ် အမျိုးသမီး တစ်ဦးနှင့် ၁၀နှစ်အရွယ် ကလေးငယ် နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ဘာကြောင့်ဖမ်းသွားတယ်တော့မသိဘူး။ စစ်ကြောင်းနဲ့အတူ ဟန်လင်းကို ခေါ်သွားတယ်ဆိုတာအထိပဲ သိရတယ်ဗျ” ဟု ၎င်းကရှင်းပြသည်။
ယင်းစစ်ကြောင်းကြောင့် ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်မှ စုစုပေါင်း ကျေးရွာ ၈ရွာခန့်မှ ပြည်သူများ အရေးပေါ်စစ်ရှောင်နေရကြောင်း ရွှေဘိုမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
“ အရင်ရက်ပိုင်းက ဟန်လင်းမှာ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ထားတော့ ဟန်လင်းကို အင်အားဖြည့်ဖို့သွားတဲ့စစ်ကြောင်းပါ၊ စစ်ရှောင်တွေကတော့ စစ်ကြောင်းလာပြီဆို ရှောင်ရတာပေါ့၊ လူကလည်းများတော့ စားဝတ်နေရေးစီစဉ်ပေးရတာ ခက်ပါတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ရက်နေ့က ဟန်လင်းရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးရဲဘော် ၂ ဦးကျဆုံးကာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။