ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြစ်ကြီးနား – ဗန်းမော်ကားလမ်းပိုင်း၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ခန်းကိုင်းတောင်ရှိ စစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်း အလံဖြူထောင်လက်နက်ချခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (မတ် ၇ ရက်)၊ မနက် ၇ နာရီမှစ၍ ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ခလရ ၁၄၂ တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များမှ ဝိုင်းဝန်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး၊ ယနေ့(မတ် ၈ ရက်)၊ မနက်၁၀ နာရီခန့်တွင် စစ်တပ်ဘက်က လက်နက်ချခဲ့ခြင်းဖြစ်သည်။
“ တပ်စခန်းက အလံဖြူထောင်ပြီး လက်နက်ချတာ ဟုတ်တယ်။ အင်အား ၁၀၀ ဝန်းကျင်နဲ့ သူတို့မိသားစုတွေရောပဲ ရှိတယ်။ ဗျူဟာမှူးဦးစီးတဲ့ တပ်ရင်းစခန်းကို မီးရှို့ပစ်လိုက်ပြီ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ သိမ်းမိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
အဆိုပါ ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ခလရ ၁၄၂ စခန်းမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ အထိုင်ချတပ်စွဲထားသော ဗျူဟာကျသည့် စခန်းကြီးတစ်ခုဖြစ်ပြီး၊ အနီးနားရှိ လိုင်ဇာမြို့နှင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည့် စစ်စခန်းတစ်ခုဖြစ်သည်။
“ အဲ့ဒီ့ ခလရ ၁၄၂ က ပစ်လို့ ပျက်စီးတာတွေ၊ ထိခိုက်တာတွေ ရှိတယ်။ ဗျူဟာကျတဲ့စခန်းလည်း ဖြစ်တယ်။ လိုင်ဇာဘက်ကိုလည်း လှမ်းပစ်တယ်၊ အခုလည်း မြစ်ကြီးနား – ဗန်းမော်လမ်းဘက်ကို စစ်တပ်က လေယာဥ်နဲ့ချနေတယ်၊ ၁၄၂ ကျသွားရင် မြစ်ကြီးနား – ဗန်းမော်လမ်း တစ်ခုလုံးကိုထိန်းချုပ်နိုင်ပြီလေ” ဟု ဒေါ့ဖုန်းယန်ဒေသခံနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီးဝန်းကျင်တွင်ရှိသော မြို့သစ်၊ ကုန်းလော၊ ဒါဆိုင်း၊ နွမ့်လန်၊ စီဟတ်နှင့် ပန်းချိုးဟိုင် ကျေးရွာများမှ ပြည်သူ ၆၀၀၀ ခန့်သည် ဗန်းမော်နှင့် မိုးမောက်မြို့နယ်ဘက်သို့ တိမ်းရှောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ တချို့ဆို ရှောင်နေကြတာ မတ်လဆန်း ၁ ရက်နေ့ကတည်းက၊ စစ်တပ်စခန်းတွေက အဲ့ဒီရက်ပိုင်းတွေမှာ စစ်ရေးလှုပ်ရှားတာရှိတယ်။ စစ်တပ်စခန်းနဲ့ နီးတဲ့ရွာတွေကတော့ ရှောင်ကြတယ်” ဟု မိုးမောက်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့ (မတ် ၇ ရက်) မှစ၍ မြစ်ကြီးနား – ဗန်းမော်လမ်းနှင့် ဝိုင်းမော် – လိုင်ဇာလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်း ၁၅ ခုခန့်ကို သိမ်းပိုက်ရရှိထားသည်။