စစ်ကိုင်းတိုင်း၊ အရာတော်မြို့ တင့်ကားတပ်ရင်း တွင် စစ်သင်တန်းပေးနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၇ရက်၊ ညနေ ၅နာရီခန့်က အရာတော်မြို့ တကရ ၅၀၀၄တပ်ရင်း(တင့်ကားတပ်ရင်း)တွင် တပ်တွင်းမိသားစုများနှင့် ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ် ဒရုန်းဖြင့် ၆၀(မမ) ဗုံးသီး ၃လုံး ကြဲချခဲ့ရာ တပ်တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း BGS Drone Force အဖွဲ့တာဝန်ခံ ကိုဗန်ကီး က ပြောသည်။
“ သေနတ်ပစ်သင်နေကြတာ။ သေနတ်ပစ်သံတွေကြားတယ်ဆိုပြီး သတင်းရလို့ သွားတိုက်တာ။ သင်တန်းပေးနေတဲ့အချိန်ချခဲ့တာ။ တပ်တွင်းကမိသာစုတွေနဲ့ ပျူစောထီးခေါင်းဆောင်တွေ တက်နေတာလို့ပြောတယ်” ဟု ၎င်းကပြောသည်။
ထို့နောက် မတ်လ ၇ရက် ညနေ ၅နာရီခွဲခန့်တွင်လည်း အရာတော်မြို့မြောက်ဘက်အထွက်ရှိ ဆက်ကြေးကောက်နေသည့် အမှတ်- ၂ စစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းဖြင့် ၁၂၀(မမ)ဗုံးသီး ၁လုံး ထပ်မံကြဲချခဲ့ကြောင်း သိရသည်။
“ အရင်ကတော့ အပြင်ထွက်ကောက်တယ်(ဆက်ကြေး)။ အခုက ထွက်မကောက်တော့ဘူး။ ဘန်ကာထဲသွားပေးရတော့တာ။ ချခဲ့တာလည်း ဘန်ကာပေါ်တည့်တည့်ကျတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုများတွင် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး တပ်တွင်း လုံခြုံရေး တင်းကျပ်နေမှုကြောင့် အတည်မပြုနိုင်သေးကြောင်းသိရသည်။
“ တပ်တွင်းမှာ နည်းနည်းကျပ်နေလို့ သတင်းပေးကသွားကြည့်လို့မရလို့ သေချာအတည်မပြုနိုင်သေးဘူး” ဟု ကိုဗန်ကီးကပြောသည်။
ယင်းသို့ တိုက်ခိုက်ရာတွင် တင့်ကား တပ်ရင်းက ပွိုင့် 5 လက်နက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်း PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
တိုက်ခိုက်မှုပြီးနောက် ညပိုင်းတွင် အရာတော်မြို့မြောက်ဘက် ၁မိုင်ဝန်းကျင်အထိ စစ်တပ်က ကင်းလှည့်ခဲ့ပြီး မြို့ထဲ၌ သေနတ်ရမ်းပစ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့ မရှိကြောင်း အရာတော် မြို့ခံနှင့်နီးစပ်သူတစ်ဦးကပြောသည်။
“ အရင်ကဖမ်းတာတွေပဲရှိတာ။ မနေ့ကတော့ မြို့ထဲဖမ်းတာဆီးတာမရှိဘူး” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုများကို BGS Drone Force နှင့် Ayadaw Rocket အဖွဲ့တို့ဦးဆောင်၍ အရာတော်မြို့နယ်၊ တိုက်နယ် -၄မှ ရဲဘော်များ၊ မိုင်းမင်းသားပြောက်ကျားတပ်ဖွဲ့နှင့် မုံရွာခရိုင်တပ်ရင်း – ၁၉တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။