မိုးမိတ်မြို့တွင် တိုက်ပွဲများမရှိတော့သော်လည်း လူနေအိမ်များစွာ ပျက်စီးနေသောကြောင့် ဒေသခံအများစု မှာ ပြန်မနေကြသေးကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ပေါ်တွင် ဇန်နဝါရီ ၁၈ရက်မှစတင်ကာ ဇန်နဝါရီ ၂၅ရက်အထိ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်က ပြည်သူပိုင်နေအိမ် များစွာကိုမီးရှို့ဖျက်ဆီးခဲ့သည့်အတွက်တိုက်ပွဲ ပြီးသွားသော်လည်း ဒေသခံတို့ နေရပ်မပြန်နိုင်သေးခြင်းဖြစ်ကြောင်း မိုးမိတ်မြို့ခံအချို့ထံကသိရသည်။
“ အနည်းစုပဲ အစမ်းပြန်နေ အိမ်သန့်ရှင်းရေး လုပ်၊တချို့တွေလည်း ၄၊၅မိုင်ဝေးတဲ့ ရွာတွေကနေတစ်ဆင့် မြို့ထဲဝင် အိမ်သိမ်း ၊ ညနေ ပြန်ထွက် လုပ်နေကြတယ်။ မိုးမိတ်မှာ ပြန်မနေနိုင်ကြသေးဘူး။တချို့ မန္တလေး၊ တချို့ မိုးမိတ်နယ်က ရွာတွေမှာ နေကြတယ်။ အခုကတော့ စားသောက်စရိတ်တွေ လိုကြတာပေါ့” ဟုမိုးမိတ် စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
မိုးမိတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ၃၄၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်ခဲ့ရသည်။
“ ပြန်နေရတဲ့သူတွေပဲ လာနေကြတာ။လာနေတဲ့သူကနည်းပါတယ်။ မြို့ထဲမနေရဲ ကြသေးဘူးလေ။ အခြေ ခံလူတန်းစားတွေတော့ ခက်ခဲတာပေါ့။ ကျနော်တို့ကိုတော့ ဆန်၊ဆီ၊ဆား၊ငါးခြောက် ဒါမျိုးတွေ ၂ ခါ လာကူညီဖူးတယ်။ အခြေ ခံလူတန်းစားတွေကျ ဒုက္ခရောက်တာပေါ့ “ ဟု မိုးမိတ်စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ် ဇန်နဝါရီ ၂၅ရက်နေ့မှစတင်ကာ မိုးမိတ်မြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး ဖေဖော်ဝါရီ ၂၈ရက်၌ စစ်အုပ်ချုပ်ရေးကြေညာထားကြောင်း သိရသည်။
“ စားဝတ်နေရေးအတွက်ကတော့ မျိုးစုံပါပဲ။ တချို့ဈေးရောင်း၊ တချို့ ပဲကောက် ဘာညာ တောအလုပ်တွေ ဝင်လုပ်၊ တချို့တွေလည်း အလှူရှင်တွေ ဝေငှတာ နည်းနည်းရပေါ့။ အစားအသောက်ခက်ခဲနေတယ် “ ဟု စစ်ရှောင်ကူညီနေသူကပြောသည်။
လက်ရှိတွင် မိုးမိတ်မြို့ထဲသို့ ပြန်ဝင်လာကြသူများကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခြင်း မလုပ်တော့ကြောင်း သိရသည်။
မိုးမိတ်မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်တပ်က မြို့မစျေးနှင့်လူနေအိမ်များကို မီးရှို့ခြင်းတို့ကြောင့် မြို့ပေါ် ပြည်သူပိုင်နေအိမ်စုစုပေါင်း၏ ၃ပုံ၂ပုံခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။