ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အင်လုံခတပ်စခန်းတိုက်ပွဲအတွင်း လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း သေဆုံးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့ (မတ် ၇ ရက်)၊ မနက် ၇ နာရီခွဲခန့်တွင် ဝိုင်းမော်မြို့မှ ရွှေညောင်ပင် ကျေးရွာသို့ လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်း ခေါင်းဆောင်သည့်ပြည်သူ့စစ်အဖွဲ့ကို ခါးရှီးကျေးရွာအနီး၌ KIA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဦးရွှေမင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသေဆုံးသွားကြောင်း သိရသည်။
“ သူတို့ ရွှေညောင်ပင်ဘက်ကို စစ်ကူလာတဲ့အချိန် မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်တာပါ၊ 4Wheels ကားတစ်စီးလုံးမိတယ်၊ ဦးရွှေမင်းဆိုတာ အတည်ပြုပါတယ်။ ကားကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်လည်း ဝိုင်းမော်မြို့နယ်၊ အောင်မြေသစ်ကျေးရွာအနီးတိုက်ပွဲတွင် လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသေဆုံးသွားကြောင်း ဖော်ပြထားသည်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမောင်း သေဆုံးခဲ့သည့် နေရာ၌ KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်သောကြောင်း ၎င်း၏ ရုပ်အလောင်းအား မိသားစုဝင်များ ပြန်လည်ရရှိရန် မလွယ်ကူကြောင်း လီဆူအမျိုးသမီးငယ်တစ်ဦးက မှတ်ချက်ပြုသည်။
လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် စစ်ကောင်စီကို ထောက်ခံအားပေးသူတစ်ယောက်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ဝိုင်းမော်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းခဲ့သူဖြစ်သည်။
လက်ရှိ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီ တပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းလည်း သိရသည်။