တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီအရာရှိ ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ ၏ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
အဆိုပါကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို မတ်လ ၅ ရက်၊ နံနက် ၆ နာရီခွဲဝန်းကျင်တွင် ပထမအကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။
“ စကစတပ်တွေ ပျူစောထီးတွေနဲ့ပေါင်းပြီး ဂျိုးတောင်မှာ တစ်ပတ်လောက်ရှိပြီ တပ်စွဲထားတာ။ အင်အားက ၆၀ လောက်ရှိပါတယ်။ တိုက်ပွဲက အနီးကပ်ပစ်တာဆိုတော့ စကစတပ်တွေ သေတာအတည်ပြုလို့ရပါတယ်။ ပြီးရင် လက်ရှိ ကျွန်တော်တို့မှာလဲ သူတို့အထဲက သတင်းတွေ ပေးနိုင်တဲ့လူရှိပါတယ်။ အဲ့ဒီကနေလည်း သိရပါတယ်” ဟု ကျွန်းစုမြို့နယ် ပ.က.ဖ ၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ထို့နောက် အဆိုပါနေရာအား နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဒရုန်းနှစ်စင်းဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
“ ကျွန်တော်တို့ဘက်က ဝင်ရောက်တိုက်ခိုက်တာကတော့ လက်နက်ငယ်ရော 40 mm နဲ့ရောပါ။ စကစ ဘက်ကလည်း ပြန်ပြီးတော့မှ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တယ်။ စစ်ရေးအခြေအနေက တင်းမာမှုတော့ရှိနေဆဲဆိုပေမယ့် ကျွန်တော်တို့အနောက်နား နည်းနည်း ပြန်ဆုတ်ထားတယ်” ဟု မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၂ ၏ ရဲဘော်ကိုသာဝါးက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၂ ကို တနင်္သာရီကာကွယ်ရေးပြောက်ကျား၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂၊ ကျွန်းစု ပ.က.ဖ၊ ပုလော ပ.က.ဖ၊ တိုင်းလုံခြုံရေးအဖွဲ့ Dragon squad ဒရုန်းတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ၊ ၃ ရက်ကလည်း ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာနှင့် ရတောင်ကျေးရွာတွင်ရှိသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ နှင့် တနင်္သာရီ ပ.က.ဖ၊ ကျွန်းစု ပ.က.ဖ တို့ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ပတ်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဘက်က ၁၇ ဦးထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။