စစ်ကိုင်းမြို့နယ်အတွင်း မိုင်းဆွဲခံရသော စစ်တပ်က ရမ်းပစ်သည့် ကျည် ထိမှန်ကာ ဆီဘောက်ဆာ ကားမီးလောင်ခဲ့ရာ အနီးမှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသော သားအမိ ၂ဦးလည်း မီးသင့်သေဆုံး ခဲ့ကြောင်း သိရသည်။
မတ်လ ၅ရက်၊ နံနက် ၆နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာကားလမ်းပေါ်တွင် မြင်းမူမြို့နယ်မှ ပြန်လာသော စစ်ကားတစ်စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာပြီး ရမ်းသန်းပစ်ခတ်ခဲ့ရာ ၎င်းတို့နှင့် ပေ၄၀၀အကွာရှိ ဆီဘောက်ဆာကားတစ်စီး ကျည်ထိမှန်ကာ မီးလောင်သွားကြောင်း ယင်းဆီဘောက်ဆာကားအနီး ဆိုင်ကယ်ဖြင့် ဖြတ်လာနေသည့် အမျိုးသမီးတစ်ဦးနှင့် ၁၀နှစ်အရွယ်ကလေးတစ်ဦးတို့ပါ မီးသင့်ကာ မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ မီးလောင်သေဆုံးတဲ့ သားအမိက ပြည်သူပါ ။ ဘယ်သူဘယ်ဝါ ဘယ်ရွာကဆိုတာမသိရသေးဘူး။စစ်ကားက အထိနာသွားဟန်တူပါတယ်။ ထုံးစံအတိုင်းပေါ့။ အဆွဲခံရပြီဆိုတာနဲ့ တွေ့ကရာပစ်တာ သူတို့ပစ်တဲ့ ကျည်ထိပြီး ဆီကားမီးလောင်တာ။ ဘာမှလုပ်ပေးခြင်းမရှိပါဘူး” ဟု စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းစစ်ကားသည် မတ်လ ၄ရက်၊ ည ၉နာရီဝန်းကျင်က စစ်ကိုင်း တပ်မ- ၃၃မှ ထီးဆောင်းဘက်သို့ထွက်သွားပြီး မတ်လ ၅ရက် နံနက်ပိုင်းတွင် တပ်မ -၃၃သို့ ပြန်လာစဉ် စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအနီး၌ မိုင်းဆွဲခံလိုက်ရပြီး စစ်သား ၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့နယ်အခြေစိုက်PDFရဲဘော်တစ်ဦးကပြောသည်။
“ အင်အားခန့်မှန်းက ၂၅၊၃၀ လောက်ပဲ။ အာရာဖတ်ကားတစ်စီးနဲ့ လာပြီး ကားဘီးတွေလာပို့တယ်။ အာရာဖတ်ကားနဲ့ပဲ သေနိုင်တဲ့ ဒဏ်ရာရစစ်သားတွေကို ပြန်သယ်သွားတယ်။ ကွဲသွားတဲ့ ကားဘီးတွေလဲပြီး စစ်ကိုင်း တပ်မ- ၃၃ ထဲဝင်သွားတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကောင်စီကားသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နံနက် ၁၁နာရီကျော်တွင် တပ်မ- ၃၃သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။