မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်အနောက်ရွာမှ ပြည်သူများကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့ (မတ်လ ၆ရက်)၊ မနက်ပိုင်းက ငါးဇွန်မြို့နယ်၊ လင်္ကာဒီပရွာတွင် ညအိပ်ပြီးထွက်လာသည့် အင်အား ၇၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ရေလည်သောင်အနောက်ရွာကို ဝင်ရောက်ကာ တရွာလုံးကို ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းရှိမရှိကို မသိရသေးကြောင်း ဒေသခံပြည်သူတစ်ဦးက MPA ကိုပြောသည်။
ယင်းစစ်ကြောင်းတွင် နယ်မြေကျွမ်းသည့် ပျူသင်တန်းဆင်းများပါဝင်သောကြောင့် ရေလည်သောင်ရွာသို့ ခဏအတွင်း ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
“ ဒီရွာတွေက မြင်းမူမြို့နယ်နဲ့နီးတယ်။ ကျွန်းမြေတွေပေါ့၊ ရေတက်ချိန်ဆို အကုန်ရေမြုပ်တာ၊ တချို့နေရာတွေဆို ဆိုင်ကယ်နဲ့သွားလို့တောင်မရဘူး။ လမ်းကြမ်းတယ်။ ပုံမှန်ဆို စစ်ကြောင်းဝင်ရင် တရွာနဲ့တရွာကူးဖို့က ကြာတတ်တယ်။ အခုက ပျုတွေပါတော့ မြန်မြန်ဆန်ဆန်သွားလာနိုင်တဲ့ပုံစံဖြစ်သွားတာပေါ့ ” ဟု ၎င်းကပြောသည်။
ငါန်းဇွန်၊ သားကျင်၊ နတ်ကြီး၊ ငါန်းမြာဖက်မှ စစ်ကောင်စီတပ်သားများပါဝင်သည့် ယင်းစစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၁ရက်မှစတင်ကာ တလင်းကုန်းကျေးရွာ ၊ လင်္ကာဒီပကျေးရွာများကို ဝင်ရောက်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“ စစ်ကြောင်းကကြာပြီ၊ တလင်းကုန်းရွာကို ဝင်တုန်းက အိမ်တစ်အိမ်ကိုမီးရှို့ခဲ့သေးတယ်။ အခုရေလည်သောင်အနောက်ရွာသားတွေအပြင် အရှေ့ရွာက အုတ်ဖိုမှာနေတဲ့ ရွာသား၂ဦးကိုလဲ ဖမ်းသွားသေးတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းကြောင့် လင်္ကာဒီပ ၊ ယက္ခဒီပ ၊ ရေလည်သောင် ၊ တလင်းကုန်း ၊ အောင်သုခ ၊ အောင်သာစသည့် ကျေးရွာများမှ ပြည်သူများ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ထို့ပြင် ငါန်းဇွန်-ငါန်းမြာ အမြန်လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများက ခရီးသွား၊ လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ငါန်းဇွန်-ငါန်းမြာ အမြန်လမ်းမကြီးအား ယာယီပိတ်ထားကြောင်း CDSOM တပ်ခွဲ – Ngazun Revolution Force ငါန်းဇွန်တော်လှန်ရေး အင်အားစုက ထုတ်ပြန်ထားသည်။
“ အခုက ခြေလျင်စစ်ကြောင်းတွေ ခဏတိုင်းဆင်းလာတယ်။ ပေလမ်းဘေးမှာရှိတဲ့ ညောင်လေးပင်ရွာလောက်ကစပြီး တွေ့တဲ့ပြည်သူတွေဖမ်း ၊ ဖုန်းတွေယူ ၊ ငွေညှစ်တာတွေလုပ်တယ်။ ဒီအတောအတွင်းတင် ပြည်သူ ၂၀လောက်အဖမ်းခံထားရပြီးပြီ၊ ငွေလိုက်နိုင်တဲ့လူက လွတ်တာပေါ့” ဟု CDSOM တပ်ခွဲ – Ngazun Revolution Force ငါန်းဇွန်တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယင်းအမြန်လမ်းအား ပိတ်ပင်ထားသော်လည်း ပြည်သူများအသွားအလာ ရှိနေဆဲဖြစ်သဖြင့် လုံခြုံရေးကိုစိုးရိမ်မိကြောင်း ၊ ပြည်သူများအနေဖြင့် ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များကို လိုက်နာပေးကြရန် CDSOM – ငါန်းဇွန်တပ်ခွဲ (NRF) က မေတ္တာရပ်ခံထားသည်။