မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်အတွင်းရှိ ပြည်သူများ စစ်မှုထမ်းကြရန် စစ်အုပ်စုဝင်တို့က ဟောပြောစည်းရုံးနေကြောင်း သိရသည်။
မတ်လ၅ရက်၊နေ့ခင်း၁၂နာရီခန့်က အောင်မြေသာဇံမြို့နယ်၊ ၁၅×၁၆ကြား ၈၇×၈၈ကြားရှိ ရွှေနှင်းဆီရပ်ဓမ္မာရုံသို့ ရပ်ကွက်နေပြည်သူများအား တစ်အိမ်တစ်ယောက်ခေါ်ယူကာ စစ်မှုထမ်းကြရန် ဟောပြောစည်းရုံးခဲ့ကြောင်း Mdy Revolution အဖွဲ့ထံကသိရသည်။
မတ်လ ၅ရက်၊ နေ့ခင်းပိုင်းတွင်ပင် အောင်မြေသာဇံမြို့နယ်၊ ၉လမ်း ၇၈×၈၀ကြားရှိ ဒေါ်ဖီ ဓမ္မာရုံသို့ ရပ်ကွက်သားများအား ခေါ်ယူကာ စစ်မှုထမ်းရမည့်အကြောင်း စစ်အုပ်စုဝင်တို့က စည်းရုံးဟောပြောခဲ့သေးကြောင်း သိရသည်။
“ အခုရက်ပိုင်း မန္တလေးမှာ ရပ်ကွက်တော်တော်များများကို ဧည့်စစ်အကြောင်းပြပြီး ကျား/မ စာရင်းအရင်ကောက်ပါတယ်။ စည်းရုံးတဲ့အခါမှာ ခြိမ်းခြောက်တာမျိုး၊ လျော်ကြေးပုံစံမျိုး စသဖြင့် စည်းရုံးနေတာပါ” ဟု Mandalay Revolution မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်၊ မဟာအောင်မြေနှင့် အောင်မြေသာဇံ မြို့နယ်တို့တွင် ဖေဖေါ်ဝါရီဒုတိ ယပတ်မှစတင်ကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများဦးဆောင်၍ လူဦးရေစာရင်း လိုက်ကောက်နေကြောင်းလည်း ဒေသခံအချို့ထံက သိရသည်။
“ သူတို့ပြောတာက Google ကမြင်တဲ့စာရင်းနဲ့ မြေပြင်စာရင်းကိုက်၊မကိုက်ဆိုပြီး အိမ်တွေမှာလူစာရင်းစစ်တာ။ ယောကျာ်းလေးဘယ်နှစ်ယောက်လဲ၊ မိန်းကလေးရော၊အိမ်မှာလူဘယ်နှစ်ယောက်နေတာလဲ၊ ဘာလုပ်ကြတာလဲဆိုပြီးတော့” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် မန္တလေးမြို့ပေါ်၌ ညဘက် သွားလာနေသူအချို့ကို စစ်တပ်က ဖမ်းဆီးပြီး တစ်ဦးလျှင် ကျပ်၅သိန်းငွေညှစ်ကာ ပြန်လွှတ်ပေးကြောင်း ဒေသခံအချို့ထံက သိရသည်။