ရှမ်းပြည်နယ်တောင်ပိုင်း၊ ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီတပ်က ပြည်သူများမသွားလာနိုင်ရန် မြေတူးစက်ဖြင့် ဖျက်ဆီးထားသည့် လမ်းများကို ပြန်လည်ပြုပြင်နေ ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA )ထံက သိရသည်။
မတ်လ၅ရက်နံနက်ပိုင်းက ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသအတွင်းလမ်းပြုပြင် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မြေတူးစက်များအသုံးပြုကာ လမ်းများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
“ စစ်ကောင်စီဘက်က မြေတူးစက်တွေနဲ့ လမ်းကိုရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားတာပေါ့နော်။အဲ့ဒါကို ကျွန်တော်တို့က ပြန်ပြီးပြင်ပေးတာပေါ့။ပြင်ပြီးတော့ ကားတွေ မောင်းလို့ရနေပါပြီ” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
မတ်လ၅ရက်နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဟိုပုံး-မိုင်းပွန်လမ်းမကို ယာယီပိတ်ခဲ့သလို ဟိုပုံးမြို့ဘက်မှနေ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မဲနယ်တောင်ဒေသသို့ လက်နက်ကြီးဖြင့် ၁၈ကြိမ်ပစ်ခတ်ခဲ့သေးကြောင်း ဟိုပုံးဒေသခံတစ်ဦးက ပြောသည်။
“ ဟိုပုံး-မိုင်းပွန်လမ်းက ယာယီပဲပိတ်တာပါ။အခုပြန်ဖွင့်နေပါပြီ။မဲနယ်တောင်ဘက်ကို PLNAတပ်တွေရှိတယ်ဆိုပြီး ပစ်တာပါ။ပြည်သူထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် ဆီဆိုင်မြို့သို့ စစ်ကြောင်းထိုးခဲ့သောတပ်သည် အကျအဆုံးများစွာဖြင့် မတ်လ၅ရက်က အထိနာ တပ်ဆုတ်ခဲ့ပြီးနောက် ဆီဆိုင်မြို့ကိုလည်း လက်နက်ကြီးဖြင့် အကြိမ်၁၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း ခွန်ရိန်းယံက ပြောသည်။
“ ဆီဆိုင်မြို့မြောက်ဘက်နဲ့ ဆိုက်ခေါင်စံပြကျေးရွာက နေ လက်နက်ကြီးနဲ့ပစ်တာပါ။ဒရုန်းတွေ အသုံးပြုပြီးလည်း ပစ်တယ်။ ဆီဆိုင်ဆေးရုံအဆောက်အအုံတချို့နဲ့ မြို့တွင်းက အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။စစ်ကောင်စီက နောက်ကိုပြန်ဆုတ်သွားပေမယ့် စစ်ရေးအခြေအနေက တင်းမာနေဆဲပါပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကုန်စည်စီးဆင်းရာ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် ဟိုပုံး-မိုင်းပွန် လမ်းမကို စစ်ကောင်စီတပ်က စိတ်ကူးပေါက်သလို အဖွင့်၊အပိတ် ပြုလုပ်နေသဖြင့် ကုန်သည်နှင့် ပြည်သူတို့ အခက်အခဲကြုံတွေ့နေရကြောင်း PNLA က သတင်းထုတ်ပြန်ထားသည်။