မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ စက်မှု -၂ မှ ထွက်လာသော စစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အင်အား ၁၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တို့သည် စက်မှု- ၂ နှင့် ကိုင်းတောမ ကျေးရွာ ကြား၌ မတ်လ ၅ ရက်၊ နံနက် ၁၀ နာရီ ၀န်းကျင်၌ မိနစ် ၂၀ ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း မြိုင် ပကဖ ထံU သိရသည်။
“ စစ်ကြောင်းက မနေ့က စက်မှု- ၂ က ထွက်လာတာ ။ထွက်လာပြီး မနက်ပိုင်း ၁၀ နာရီလောက်မှာပဲ ကိုင်းတောမ ရဲ့မြောက်ဘက် ပေပင်တိုက် ရွာနားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ နောက်ဆုံး သိရသလောက် အထိ ၄ ယောက် သေပြီ “ ဟု မြိုင်ပကဖ တာဝန်ခံ ဗိုလ်လကျာ်က ပြောသည်။
ထိုစစ်ကြောင်းတွင် မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ well 2 မှ တပ်ဆုတ်လာသော စစ်သားများ၊ မြိုင် မြို့ပေါ်မှ စစ်သားနှင့်ရဲ မိသား စု၀င်များ နှင့် တပ်ထောက်ခံသူ ပြည်သူများ လည်း ပါလာကြောင်း သိရသည်။
“ စစ်သား ၊ရဲ ၊ ကတော့ ၁၈၀ ၀န်းကျင်လောက် ပါတယ်။ နောက်ပြီး မြိုင်မြို့ပေါ်က စစ်သားမိသားစုတွေ၊ သူတို့ ထောက်ခံတဲ့ ပြည်သူ တွေ နဲ့ဆို ၃၀၀ နီးပါးထိ အင်အား ပါပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်း စစ်ကြောင်းသည် မတ်လ ၅ ရက်၊နေ့ခင်းပိုင်း၌ ကိုင်းတောမ ကျေးရွာ အတွင်းသို့ ၀င်ရောက်ကာ ညအိပ် တပ်စွဲ ၍ ယနေ့ (မတ်လ ၆ ရက်)နေ့ခင်း ၁၂ နာရီ၀န်းကျင်၌ သရက်ကန် ပျူစောထီး ရွာသို့ ဆက်လက် ၀င်ရောက်သွားကြောင်း သိရသည်။
“ သရက်ကန် ပျူစောထီး ရွာကနေ ထွက်ကြို တယ် ။ ကြိုပြီး အဲနား အနီးအနားက လမ်းဘေးက တောတွေ အကုန် မီးရှို့ ပစ်တယ်။ မိုင်းရှင်းတဲ့ သဘော ပါ ။ မိုင်းတွေ ထောင်ထားရင် မြင်သာအောင် ရှို့ပစ်တာ” ဟု မြိုင် ပကဖ တပ်ရင်း- ၁ ၊ တပ်ခွဲ -၂ ( ဂဠုန်ပြောက်ကျားတပ်ဖွဲ့ ) တာ၀န်ခံ ရဲဘော် အကိုလေးက ပြောသည်။
ယခု မွန်းလွဲ ၃ နာရီ ကျော် ၌ သရက်ကန် ပျူစောထီးရွာမှ တောင်ဘက် တွင်းမ ပျူစောထီး ရွာသို့ ဦးတည်၍ ဆက်လက် စစ်ကြောင်း ထိုးလျက်ရှိကြောင်း သိရသည်။
မြိုင်မြို့ ပေါ်ရှိ စစ်ကောင်စီ မိသားစု၀င်များနှင့် စစ်တပ် ထောက်ခံ သူ များကို တခြားမြို့များသို့ ပြောင်းရွှေ့ရန် စစ်ကြောင်းနှင့် အတူ ခေါ်ဆောင်လာသည်ဟု ယူဆရကြောင်း ဗိုလ်လကျာ်က ပြောသည်။
ယင်းသို့ စစ်ကြောင်း ထိုးနေသောကြောင့် မြိုင် မြို့နယ် အတွင်းရှိ ပေပင်တိုက် ၊ ကုန်းရွာ၊ ညောင်ကုန်း ၊ကန်ကလေး၊ ကန်နက်၊ ကျွဲတွင်း၊ လက်ခုတ်ပင် ရွာနှင့် မျဉ်းကိုးသစ် ကျေးရွာ တို့မှ ပြည်သူများ အရေးပေါ် စစ်ကြောင်းရှောင်နေရကြောင်း သိရသည်။
စစ်သားများသေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။