မန္တလေးတိုင်း၊ မန္တလေးမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန် ပြည်သူများအား စာရင်းကောက်ခံနေပြီး စစ်မှုမထမ်းလိုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကာ၊ သတ်မှတ်ချက်အတိုင်း လုပ်ဆောင်လိုခြင်းမရှိသူများအနေဖြင့် သိန်း ၈၀ပေးပါက ကင်းလွတ်ခွင့်ရှိမည်ဟု စစ်သားများက ပြည်သူများထံမှ တောင်းခံနေကြောင်း သိရသည်။
“မနေ့ကဘဲ ရပ်ကွက်ရုံးမှာအစည်းအဝေးရှိလို့သွားရတာ၊ စစ်မှုထမ်းဖို့ စာရင်းကောက်တာ အိမ်မှာအသက်ပြည့်တဲ့ဘယ်နှစ်ယောက်ရှိလဲ၊ ဘာအလုပ်လုပ်နေလဲ၊ အိမ်မှာမရှိဘူးဆို ဘယ်မှာနေတာ ပြန်ခေါ်လို့ရလားဆိုပြီးမေးတာ”ဟု မန္တလေးမြို့ ၊ စိန်ပန်းလမ်းနေ အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ထို့ပြင် မိဘအုပ်ထိန်းသူများအနေဖြင့် အဝေးရောက်နေသည့် မိမိသား၊ သမီးများကို ခေါ်ယူ၍ မရပါက ဒဏ်ကြေးငွေ ကျပ် သိန်း ၈၀ပေးရန် စစ်တပ်ကတောင်းခံခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“သူတို့ခေတ်ဆိုတော့လဲ သိတဲ့အတိုင်းပဲလေ၊ စစ်မှုထမ်းဖို့ကိုလူစာရင်းတွေ ကောက်ရုံမဟုတ်ဘူး။ လမ်းမှာတွေ့တဲ့သူတွေပါ ဖမ်းခေါ်တာတွေပါရှိတယ်။ တစ်ချို့အဖမ်းခံရတဲ့သူတွေက ပြန်လွတ်လာတာရှိသလို၊ လက်ရှိအချိန်ထိ အဆက် သွယ်မရတဲ့သူတွေလည်း ရှိတယ်”ဟု မန္တလေးမြို့ ကျုံးအရှေ့ဘက်တွင်နေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကပြောသည်။
“ အန်တီတို့အနေနဲ့ ကိုယ့် သား၊ သမီးကို စစ်မှုမထမ်းစေချင်ဘူး။ ရှေ့တန်းရောက်ရင် သေမလား၊ ရှင်မလားမသိရဘူးလေ၊ စစ်မှုမထမ်းနိုင်ရင် သိန်း ၈၀ပေးရမယ်ဆိုတော့ အန်တီတို့ကလဲ မတတ်နိုင်ဘူး။ သားကြီးက မလေးမှာအလုပ်လုပ်နေတာ၊ သူ့ကိုပြန်ခေါ်ခိုင်းတော့ သူ့လုပ်စာနဲ့စားနေရတဲ့ အိမ်က အဆင်ပြေတော့မှာမဟုတ်ဘူး။ ဘာပြောရမှန်းမသိ အောင်ကို အခက်တွေ့တယ်” ဟု ကိုယ်တိုင်ကြုံတွေ့နေရသည့် မန္တလေးမြို့၊ လမ်း ၄၀နေ အမျိုးသမီးတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် လူပျောက်မှုများ နေ့စဉ်နီးပါးဖြစ်ပေါ်လျက်ရှိပြီး လူငယ်အများစုသည် စစ်မှုမထမ်းလိုသည့်အတွက် လွတ်မြောက်နယ်မြေများ သို့မဟုတ် နိုင်ငံရပ်ခြားသို့ တိမ်းရှောင်မှုများပြုလုပ်လျက်ရှိသည်။