TNLA ထိန်းချုပ်ထားသည် မြို့ ၇မြို့အတွင်း စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ထိုက်သင့်စွာ လည်ပတ်နိုင်ပြီဖြစ်သောကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလ၌ ညမထွက်ရအမိန့်အပါအဝင် လိုက်နာရမည့် ကန့်သတ်ချက် အမိန့်များကို ပြန်လည် ရုတ်သိမ်းကြောင်း TNLA က ယနေ့(မတ် ၆ရက်)တွင် ထုတ်ပြန်ထားသည်။
ယမန်နှစ် အောက်တိုဘာ ၂၇ရက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စတင်ဖော်ဆောင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ၁၆မြို့ကို ထိန်းချုပ်နိုင်ခဲ့ကာ၊ အဆိုပါ မြို့ ၁၆မြို့အနက် TNLA က မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့များကို ထိန်းချုပ်ထားခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများလည်ပတ်နိုင်ရန် ညမထွက်ရအမိန့် နှင့် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့မနက်မှဘဲ ထုတ်တာဆိုတော့ ရှေ့ဆက်ဘယ်လိုလာမှာလဲတော့ မသိဘူး။ ဓားခို၊ ဓားပြလည်း ကြောက်ရ။ ဆိုင်ကယ်လည်း ခဏခဏပျောက်တယ်။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတော့ စိုးရိမ်နေတုန်းပဲ”ဟု နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ TNLA ထိန်းချုပ်ထားသည့် မြို့ ၇မြို့တွင် လုံးခြုံရေးစီမံချက်ကို စနစ်တကျဖော်ဆောင်ထားပြီး ကျေးရွာများ၌ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်လုပ်ငန်းအပါအဝင် လောင်းကစားကင်းစင်ပြီး တည်ငြိမ်းအေးချမ်းသည့် ဒေသဖြစ်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ပုံမှန်လည်ပတ်နိုင်ပြီဆိုပေမဲ့ စစ်ကောင်စီလည်း စစ်အုပ်ချုပ်ရေးကြေညာလိုက်တော့ မလွတ်လပ်သေးပါဘူး။ သတိမလွတ်ဖို့လည်းလိုတယ်ပေါ့၊ စစ်ကောင်စီက ဘယ်ချိန်ဘယ်လိုထဖောက်မှန်း မသိဘူးလေ”ဟု TNLA ထိန်းချုပ်နယ်မြေမှ အမျိုးသမီးတစ်ဦးက ပြောသည်။
TNLA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့ ၇မြို့အတွင်း လာမည့် ၂၀၂၅ခုနှစ်မှ စတင်ကာ လူထုအခြေခံသည့် အုပ်ချုပ်ရေးအစိုးရပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟုလည်း ကတိပေးထားသည်။
ပြီးခဲ့သည့် မတ် ၃ရက်တွင် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံနှင့် နမ္မတူမြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြာညာခဲ့ပြီးနောက် TNLA က ၎င်းတို့ထုတ်ပြန်ထားသည့် ကန့်သတ်အမိန့်များကို ယနေ့တွင် ရုတ်သိမ်းခဲ့ခြင်းလည်းဖြစ်သည်။
ထို့ပြင် မတ်လ ၁ ရက်မှ ၃ရက်အထိ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံ တွေ့ဆုံခဲ့သော်လည်း၊ ၎င်းတွေ့ဆုံချက်နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က သီးခြားထုတ်ပြန်ခဲ့ခြင်းမရှိပေ။