ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှူးလွယ်နယ်မြေ(၆)ရှိ ပြည်သူ့စစ်နေအိမ်တစ်ခု၌ ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားပြီး ၅ဦးထိခိုက်ဒစ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(မတ် ၅ရက်)၊ မနက် ၁၀နာရီခန့်တွင် ပြည်သူ့စစ်နေအိမ် ဆန်ဂိုဒေါင်ရှိ ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက MPA သို့ပြောသည်။
“ပြည်သူ့စစ်အိမ်က ဆန်ဂိုဒေါင်က စပေါက်ကွဲတယ်လို့ပြောတယ်။ မီးတော့ မလောင်ဘူး။ လူထိတာတော့ရှိတယ်။ ဘယ်နှစ်ယောက်လဲတော့ ကျမလည်း မသိဘူး။ မေးလည်းမမေးရဲဘူး” ဟု မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက MPA ကို ပြောသည်။
“ကယ်ဆယ်ရေးအသင်းတစ်က လူလာသယ်သွားတာတော့ တွေ့တယ်။ ၅ ယောက်ဒဏ်ရာရတယ်လို့တော့ ပြောတယ်။ သေဆုံးမှု ရှိမရှိဆိုတာတော့ မသိဘူး” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ၅ဦးထဲတွင် ၂ဦးသည် ဒဏ်ရာပြင်းထန်ပြီး မူဆယ်မြို့ ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
မူဆယ်မြို့သည် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်အပြင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားသည့် မြို့တစ်ခုဖြစ်သည့်အပြင် မူးယစ်ဆေးဝါး၊ ပြန်ပေးဆွဲမှု၊ လုယက်မှုနှင့် ဓားပြမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဒေသတစ်ခုဖြစ်သည်။