စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၀)တပ်ရင်း – Battalion Of Budalin (BOB) ထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘုတလင်မြို့မရဲစခန်း၌ တာဝန်ကျနေသည့် မှော်ဘီအခြေစိုက် ခမရ (၇၀၃)မှ အသက် ၃၅ နှစ် အရွယ်ရှိ ဒုတပ်ကြပ်တစ်ဦးသည် MA 1 max 2 တစ်လက် ၊ ကျည်ဘောက် ခြောက်ခု ၊ MA ကျည်ဆန် ၄၂၀ တောင့် နှင့် အီနာဂါဗုံးသီးနှစ်လုံးတို့ဖြင့် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။
“ ဖေဖော်ဝါရီ ၂၈ ရက်ည ၁၂ နာရီလောက်မှာ CDM လုပ်ဖို့ ကျတော်တို့နဲ့ ချိတ်ထားတဲ့ စစ်သားက ဒီည ထွက်ခဲ့မယ် ဆိုတော့ ကျတော်တို့ ရဲဘော်တွေ မြို့နားကို ညတွင်းချင်းကပ်ပြီး ခေါ်ထုတ်ခဲ့တာပါဗျ၊ လောလောဆယ်တော့ ကျတော်တို့မူဝါဒအရ လုံခြုံတဲ့နေရာမှာ ထားရှိထားပါတယ်” ဟု မုံရွာခရိုင်အမှတ် (၂၀)တပ်ရင်း (BOB) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
“ စစ်သားတွေ မြန်မြန်အမြင်မှန်ရလေ သူတို့အတွက်လည်း အသက်အန္တရာယ်ကင်းသလို၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း မပင်ပန်းတော့ဘူးပေါ့” ဟု မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၉ ရက်၊ မနက် ၈ နာရီခန့်တွင် ဘုတလင်မြို့၊ မုံရွာ – ရေဦးကားလမ်းမပေါ်ရှိ ညောင်ပင်ကန်ကျေးရွာအနီး၊ မိုး ကိုယ်ပိုင်အထက်တန်းကျောင်းအရောက်တွင် ဘုတလင်မြို့မရဲစခန်းမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) သို့ ဗျူဟာမှူးအပြောင်းအလဲလုပ်ရန် ကားသုံးစီးအားချောဆွဲထွက်လာသည့် စစ်ကောင်စီတပ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့ပြီး၊ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၀)တပ်ရင်း – Battalion Of Budalin (BOB) က ထုတ်ပြန်ထားသည်။
“ ညောင်ပင်ကန်ရွာနားမှာ ကျတော်တို့နဲ့ တိုက်ပွဲထပ်ဖြစ်တာပါ၊ စစ်တပ်ဘက်က ဦးခေါင်းနဲ့ ရင်ဘက်ထိမှန်သူ နှစ်ဦးသေဆုံးပါတယ်။ နမခ ကို ဆက်မသွားနိုင်ဘဲ ဘုတလင်မြို့မရဲစခန်းထဲကို ပြန်ဝင်သွားကြတယ်” ဟု တာဝန်ရှိသူက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုတွင် မုံရွာခရိုင်အမှတ် (၂၀)တပ်ရင်း – Battalion Of Budalin (BOB) နှင့် မြို့နယ် ကာကွယ်ရေး ရဲဘော်တစ်ဦးတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဘုတလင်မြို့ပေါ်သို့ စျေးဝယ်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကျော်ကိုကိုခန့်ကို မုံရွာခရိုင်အမှတ် (၂၀)တပ်ရင်း – Battalion Of Budalin (BOB) မှ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။