တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ၊ ထား၀ယ်နည်းပညာတက္ကသိုလ်မှ ဖမ်းဆီးခံထားရသော ဆရာ၊ ဆရာမများအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီးပါက အမြန်ဆုံးပြန်လွှတ်ပေးရန် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ-DDSMCက တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ရက်က Ba Htoo Army တပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် Non-CDM ဒု-ပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ် နှင့် ပါမောက္ခ ဒေါ်နန္ဒာလွင်တို့သည် ရာဇဝတ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်သော အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုမရှိသောကြောင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခြင်းဖြ်သည်ဟု DDMSC၏ ကော်မတီဝင်တစ်ဦးကပြောသည်။
“ NUCC ကထုတ်ပြန်ထားတဲ့ CDM Policy အရ ရာဇ၀တ်ကျူးလွန်ထားတဲ့ဟာမျိုးတွေ ၊လူအခွင့်အရေးချိုးဖောက်တဲ့ဟာမျိုးတွေ၊ အကြမ်းဖက်မှုမှာ ပါ၀င်ပတ်သက်မှုမရှိတဲ့ Non CDM တွေကို အရေးယူအပြစ်ပေးခွင့်မရှိဘူးလို့ နားလည်ထားတယ်။ ဥပမာ ဒီမိုကရေစီဘောင်အတွင်းကပဲကြည့်မလား လူတစ်ယောက်တတ်မြောက်ထားတဲ့ ဘာသာရပ်တစ်ခုကို ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့အချိန်သွားပြီးတော့သင်ကြားပို့ချခွင့်ရှိတယ်ဗျာ၊ စစ်ကောင်စီမလို့မင်းတို့သင်ကြားခွင့်မရှိဘူးဆိုရင် ဘယ်လိုရှုထောင့်ကနေပြီးတော့ ဥပဒေပြဌာန်းပြီးတော့အပြစ်ပေးအရေးယူမလဲ” ဟု ၎င်းကပြောသည်။
ထို့ပြင် CDM ဝင်ရောက်ရေးအတွက် Non-CDM ဝန်ထမ်းများကို လက်နက်ဖြင့် အတင်းအကျပ် စေခိုင်းခြင်းထက် ပါဝင်လာနိုင်ရန် စည်းရုံးဖို့အပ်သည့်အပြင် CDMများအတွက် အခွင့်အလမ်းဖန်တီးပေးခြင်း၊ အခက်အခဲဖြေရှင်းပေး ခြင်းများကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း DMSC၏ ကော်မတီဝင်တစ်ဦးက ဆက်လက်ရှင်းပြသည်။
“ အချို့ Non CDM ဝန်ထမ်းတွေက မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရတာတွေရှိတယ်။ အဲ့ဒီဝန်ထမ်းတွေ ကလည်း အာဏာသိမ်းပြီးခါမှ စစ်တပ်လက်အောက်ကိုဝင်ပြီးတော့ အလုပ်လုပ်နေတဲ့သူတွေမဟုတ်ဘူး။ အရပ်သားအစိုးရလက်ထက်ကတည်းက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ရွေးချယ်ခဲ့ကြတဲ့သူတွေ၊ အာဏာသိမ်းလိုက်တဲ့အခါမှာ အချိန်အကြာကြီး မတောင့်ခံနိုင်တဲ့အတွက် Non CDM ဖြစ်သွားတာရှိတယ်။ နဂိုကတည်းက Non CDM လူမျိုးတွေရှိတယ်။ အဲ့ဒီလို အခြေအနေမှာ အပြစ်ရှိတယ် ယူဆလိုက်ရင် မမျှတဘူးလို့ ထင်တယ် ” ဟု DDMSC၏ ကော်မတီဝင်တစ်ဦးက ဆိုသည်။
ထားဝယ်နည်းပညာ တက္ကသိုလ်မှ ဒု-ပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ် နှင့် ပါမောက္ခ ဒေါ်နန္ဒာလွင်တို့ကို ဖမ်းဆီးခဲ့ရခြင်းသည် စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းထားသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Ba Htoo Army က ဖေဖော်ဝါရီ ၂၈ရက်တွင် ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ဖမ်းဆီးပြီးနောက် ၎င်းတို့ သုံးဦးသည် ပြန်လွတ်ပေးရန် DDMSC က တောင်းဆိုနေမှုနှင့်ပတ်သက်ပြီး Ba Htoo Army၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိ ကိုထက်မြက်ကို ဆက်သွယ်မေးမြန်းရာ” လက်ရှိ စစ်ဆေးနေတုန်းအချိန်ပါဗျ၊ စစ်ဆေးချက်အရ သေချာစိစစ်ပြီး ဆောင်ရွက်သွားဖို့ရှိမယ်ဗျ” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
“ ကျမတို့မှာ မိသားစု လေးယောက်ရှိတယ်။ ကလေးငယ်နှစ်ယောက်၊ အသက်ရှစ်ဆယ်အရွယ် အမေအိုတစ်ယောက်လေ၊ သူတို့အကုန်လုံးက ကျမကိုမှီခိုနေရတာ၊ စစ်အာဏာရှင်စနစ်ကိုမကြိုက်လို့ တော်လှန်ရေးအစမှာပါဝင်ခဲ့ပေမဲ့ ရေရှည်စားဝတ်နေရေးအဆင်မပြေတော့ စာသင်ခန်းထဲပြန်ဝင်လိုက်ရတာ” ဟု တနင်္သာရီမြို့နယ်ရှိ Non CDM ကျောင်းဆရာမတစ်ဦးက ဆိုသည်။
ထို့ကြောင့် ထားဝယ်နည်းပညာတက္ကသိုလ်မှ Non CDM ဝန်ထမ်း ၃ဦးသည် လူ့ခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှု နှင့် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ခြင်း တစုံတရာမရှိပါက လက်နက်ကိုင်တပ်ဖွဲ့များ လေးစားလိုက်နာရမည့် နိုင်ငံတကာ လူ့အခွင့်အရေး စာနာမှု၊ စံနှုန်းတန်ဖိုးများအရ ပြန်လွှတ်ပေးရန် DDMSC ကတောင်းဆိုထားသည်။