စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေကန်စုနှင့် ဘူးတောင်းကန်ကျေးရွာများသို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် ၁ဦးသေဆုံးကာ၊ ၉ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ မနေ့က ရွာကို စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် အသက် ၁၃နှစ်အရွယ် မိန်းကလေး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တယ်။ ကျမတို့ရွာခံ ၈ဦးဒဏ်ရာရပြီးတော့ ဘေးရွာကလာတဲ့သူတစ်ယောက် လက်နက်ကြီး ဒဏ်ရာရခဲ့တယ်” ဟု ရေကုန်စုကျေးရွာနေ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် မုံရွာ၊ စီးပွားရေးတက္ကသိုလ်မှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဘူးတောင်းရွာသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၇လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ သေနတ်တွေ မိုးပေါ်ထောင်ပစ်ပြီးတော့ ရွာထဲကို ဝင်လာတာ၊ ပြီးတော့ သူတို့မျက်လုံးထဲမှာ မသင်္ကာတဲ့ အိမ်တွေကို မီးရှို့သွားတာ၊ ရွာခံတွေကိုလဲ PDF တွေနဲ့ ပတ်သက်ရင် ဖမ်းမယ်၊ သတ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်” ဟု ဘူးတောင်းကန်ရွာနေ အိမ်မီးရှို့ခံခဲ့ရသည့် အမျိုးသားတစ်ဦးကဆိုသည်။
စစ်ကောင်စီက ဘူးတောင်ကန်ရွာသို့ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူနေအိမ် ၁၇လုံးအပြင် ဆိုင်ကယ် တစ်စီး၊ လယ်ထွန်စက် ၄စီးနှင့် နွားစာတိုက် ၁၆လုံးပါ ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်တိုင်းအတွင်းရှိ အချို့ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာများကို မီးရှို့ခြင်း၊ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများပြုလုပ်လျက်နေသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ကောင်စီအား ထိရောက်စွာ အရေးယူပေးရန် တိုးစီကုန်ရွာနေ အမျိုးသားတစ်ဦးက တောင်းဆိုထားသည်။