မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေဘုံသာပျူစောထီး ရွာမှ ပြည်သူ ၃၀ ခန့်မှာ ဖေဖော်ဝါရီ လအတွင်း ထွက်ပြေး လွတ်မြောက် လာကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၂၉ရက်)တွင် ရွှေဘုံသာ ပျူစောထီးရွာမှာ ပြည်သူ ၂ဦး ထွက်ပြေးလွတ်မြောက် လာကြောင်း ပေါက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပေါက် ပအဖ)ထံက သိရသည်။
“ အ ခု စုစုပေါင်း ၃၀ နီးပါးထိ ရှိပါပြီ။ တချို့ စာရင်း မရောက်သေးတာလည်း ရှိပါတယ်။ ဒီ နေ့ (ဖေဖော်ဝါရီ ၂၉ရက် ) လည်း ၂ ယောက် ထပ် ထွက်ပြေးလာတယ်” ဟု ပေါက် ပအဖ အဖွဲ့၀င် တစ်ဦးက ပြောသည်။
ရွှေဘုံသာ ပျူစောထီး ရွာ ၌ ပျူစောထီးများက ပြည်သူများကို တစ်အိမ် တစ်ယောက် မဖြစ်မနေ ကင်းစောင့်ခိုင်းခြင်း၊ ပျူစောထီးများကို လစဉ် ရိက္ခာ များ ပေးနေရခြင်း၊ စိုက်ပျိုး ရရှိသော ကုန်ပစ္စည်းများအား အရောင်း မခံခြင်း နှင့်ပျူစောထီးများ မူးလာသည့်အခါ မထင်လျှင်မထင် သလို ခေါ် ရိုက်နှက် ခြင်းတို့ ကြောင့် ထွက်ပြေး လာကြခြင်း ဖြစ်ကြောင်း သိရသည်။
ပျူစောထီး ကျေးရွာ ပတ်ပတ်လည်၌ မိုင်းများ ချထားသလို ပြည်သူများကိုရွာ အပြင် သို့ ပေးမထွက်သောကြောင့် ထွက်ပြေးလာရသော ပြည်သူ အများစုမှာ အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေး လာရခြင်း ဖြစ်သည်။
” ရွာမှာတော့ တင်းကျပ်မှု အရမ်းများတော့ အကုန် ထွက် ချင်နေကြတာပါပဲ ။အကုန် တခြား သံယောဇဉ် တွေ နဲ့ မထွက်နိုင်ကြတာ။ ကျမတို့တော့ အကုန် ထားခဲ့ပြီး အ၀တ်တထည် ကိုယ် တစ်ခု နဲ့ ကို ပြေး လာ တာ ” ဟု ဖေဖေါ်ဝါရီလလယ်ပိုင်းတွင် ထွက်ပြေးလာသူ ပြည်သူ တစ်ဦးက ပြောသည်။
ကျေးရွာ အတွင်းရှိ ပြည်သူများသည် တစ်အိမ် လျှင် ဆန် ၂ ပြည်နှင့် ဆီ ၁၀ သား ပျူစောထီးများအတွက် လစဉ် ပေး နေရကြောင်း သိရသည်။
“ ရွာ ပတ်ပတ်လည် ကင်း ၆ ခုလောက် ချထားတယ် ။ပြီးတော့ အဲကင်းတွေကို ပျူတွေ စစ်သားတွေက ကင်းလှည့်သဘောမျိုးလောက် ထားပြီး ပြည်သူတွေကို တစ်အိမ်တစ်ယောက်နှုန်း စောင့် ခိုင်းတယ်။ လူမရှိလို့ မစောင့် နိုင်ရင် ရန်လုပ်တယ်။ အဲဒါကြောင့် အခုလို ထွက်လာကြတာ” ဟု ပေါက်မြောက်ပိုင်းမှ PDFရဲဘော် တစ်ဦးက ပြောသည်။
ရွာမှ ထွက်သွားသော ပြည်သူ များ၏ စိုက်ခင်း ၊ စပါးနှင့် မြေပဲ တို့ကို ပျူစောထီးတို့က ၎င်းတို့ ရိက္ခာအဖြစ် သိမ်းယူလေ့ ရှိကြောင်း သိရသည်။
“ အရင်ကလည်း ရွာက ထွက်သွားတဲ့ သူတွေ ရှိတယ်။ သူတို့ ကျန်ခဲ့တဲ့ စိုက်ခင်းတွေလည်း အကုန်သိမ်းပြီး စိုက်ချင်တဲ့ သူတွေကို ပြန် ရောင်းတယ်။ သီးနှံ တွေလည်း သိမ်း ယူတာပဲ။အ ခု ကျမတို့လည်း စပါး တင်း ၆၀ လောက် ကျန်ခဲ့တယ်။နွား ၇ ကောင် ကျန်ခဲ့တယ်၊။ဘယ်တတ်နိုင်မလဲ။ အသက်လောက် ဘယ်အရာ မှ အရေး မကြီးဘူးလေ ” ဟု ထွက်ပြေးလာသူ အမျိုး သမီး တစ်ဦးက ပြောသည်။
ရွှေဘုံသာ ပျူစောထီး ကျေးရွာမှာ အိမ်ခြေ ၂၄၀ ကျော် ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ အတွင်း၌ ပျူစောထီး တို့က မီးရှို့သောကြောင့် နေအိမ် ၅၀ ကျော် မီးလောင် ပြာကျခဲ့ကာ ပြည်သူ ၁၀၀ နီးပါး ကျေးရွာ အတွင်းမှ စွန့်ခွာ ထွက်ပြေး ခဲ့ကြသည်။
ရွှေဘုံသာပျူစောထီး ကျေးရွာ ၌ ပျူစောထီးအင်အား ၄၀ ကျော် နှင့် စစ်သား ၁၀ဦး ကျော် လက်နက် အပြည့်အစုံဖြင့် ရှိနေကြောင်း သိရသည်။