ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဘုရားကျောင်းကန်များ ပါမချန် စစ်ကောင်စီတပ်က ပစ်ခတ် ဖျက်ဆီးနေကြောင်းသိရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ပြီး လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ်၊သီရိမင်္ဂလာ(တောင်ဈေး)ရပ်ကွက်နှင့် မနီးမဝေးရှိ ရွှေလက်ဝါးတောင်ပေါ်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေခြင်းကြောင့် ရွှေလက်ဝါးဘုရား၏ လက်ချောင်းတော်များ ပျက်စီးလာကြောင်း လွိုင်ကော်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။
“ ရွှေလက်ဝါးဘုရားမှာရှိတဲ့ ဘုရားလက်ချောင်းတော်တွေကတော့ စကစဘက်က လက်နက်ကြီးပစ်တာနဲ့ သူ့အလိုလို ပျက်စီးတော့မှာပါ။အခုလည်း လက်ချောင်းတော်တွေနဲ့ စေတီအချို့ ပျက်စီးတာ၊အက်လာတာတွေရှိနေပြီ” ဟု ၎င်းက ပြောသည်။
လွိုင်ကော်မြို့တွင်း တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ဖေဖော်ဝါရီလ၂၅ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်မှုများရှိလာကြောင်း မြေပြင်ရှိ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ လွိုင်ကော်မြို့ထဲ တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။အခုက ပန်ကန်၊ မိုင်းလုံး၊ လောဓမ္မ၊ ရွှေတောင်ဘက်မှာ တိုက်ပွဲတွေခပ်စိပ်စိပ်လေးပြန်ဖြစ်လာတယ်။ဖေဖော်ဝါရီလ ၂၆ရက်နေ့ကနေ ဒီနေ့အထိတော့ လက်နက်ကြီးပဲကျတယ်။လေယာဉ်နဲ့လာဗုံးကြဲတာတော့မရှိဘူး။ဒီလဒုတိယအပတ်ကတော့ အလုံး ၆၀လောက် ကင်းထောက်လေယာဉ်နဲ့လာကြဲသွားတယ်။ဂျက်ဖိုက်တာမဟုတ်တော့ ပြင်းအား သိပ်မရှိဘူး။” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက် ဗုံးကြဲမှုများကြောင့် လွိုင်ကော်မြို့သည် မြို့ပျက်ကြီးလို ဖြစ်နေပြီဟုသိရသည်။
“ လွိုင်ကော်မှာက လေယာဉ်နဲ့ ဗုံးကြဲတယ်။လက်နက်ကြီးနဲ့လည်း မထင်ရင်မထင်သလိုပစ်တယ်။အရင်လကဆို ဒရုန်းနဲ့မီးလောင်ဗုံးပါကြဲတယ်။၂၆ရက်နေ့ကဆို လွိုင်ကော်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ညီမတို့နားက ရတနာသီရိဘုန်းကြီးကျောင်းလည်း စကစဘက်က ပစ်တဲ့ လက်နက်ကြီးကြောင့် ဆွမ်းစားကျောင်းဆောင်တွေရော၊နဂါးရုံဘုရားတွေရောပျက်စီးနေပြီ။ဘုန်းကြီးတွေပါ အကုန်ပြေးနေရတဲ့ အနေအထားပေါ့။မနေ့ကဆို ညနေ ၆နာရီလောက်ထင်တယ်။ရှမ်းပိုင်းရပ်ကွက်၊တံတားထိပ်က ဆိုင်ရှေ့မှာ မီးလောင်တာ တော်တော်ကြာတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့ကို အပြီးသတ်သိမ်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများက အား စိုက်တိုက်ပွဲဝင်နေကြောင်းသိရသည်။