တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဒေသခံများပါဝင်သည့် ပူရိယက္ခညီနောင်စစ်ကြောင်းကို KNDOက လက်နက်ဖြုတ်သိမ်းကာ ခေါင်းဆောင်အချို့အား ဖမ်းဆီးထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့က စတင်ဖမ်းဆီးခြင်းဖြစ်ပြီး KNDO၊တပ်မဟာ ၄၊တပ်ရင်း ၇၊တပ်ခွဲ -၂အခြေစိုက် KNDOစစ်ကြောင်းဖြစ်သည့် ပူရိယက္ခညီနောင်စစ်ကြောင်းရှိ ခေါင်းဆောင်အချို့အား ဖမ်းဆီးထားခြင်းဖြစ်ကာ ပူရိယက္ခညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလမှာ တိမ်းရှောင်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ပူရိယက္ခညီနောင်စစ်ကြောင်းက KNDOစစ်ကြောင်းပေါ့။အဲ့မှာ စစ်ကြောင်းမှူးက ဗိုလ်ဝေလ၊သူက ပုလောဒေသခံပဲ။အာဏာသိမ်းပြီးမှ လက်နက်ကိုင်တာပေါ့။အခု KNDOက တပ်ရင်းမှူး ဗိုလ်ကျော်ထွန်းဘက်ကနေ ပူရိယက္ခညီနောင်စစ်ကြောင်းထဲက ဗိုလ်ဝေလနဲ့ ပတ်သက်တဲ့ခေါင်းဆောင်အချို့ကို ဖမ်းထားတယ်” ဟု ၎င်းက ပြောသည်။
ယင်းနှင့် ပတ်သက်ပြီး ပူရိယက္ခညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလကို MPAက ဆက်သွယ် မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။
“ KNDOရဲ့ စစ်ကြောင်းမှူး တစ်ယောက်အနေနဲ့ တာဝန်ခံမှု၊တာဝန်ယူမှုအပြည့်ရှိပါတယ်။အခုက KNDOက တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းနဲ့ ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲမှားတဲ့ ကိစ္စတချို့ကြောင့်ပါ။KNDOက ပေးတဲ့အပြစ်ကိုလည်း ကျေကျေနပ်နပ်လက်ခံမှာပါ။ဒီနေရာမှာ သေချာစိစစ်ပြီးအရေးယူစေချင်တယ်” ဟု ၎င်းက ပြောသည်။
မြိတ်ခရိုင် တပ်ရင်း- ၁၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလောPDF)ကမူ ယင်းဖြစ်စဉ်အပေါ် သေချာမသိရှိကြောင်း ဆိုသည်။
“ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေချာမသိလို့ ပြောမရသေးပါဘူး။KNDOတပ်ဖွဲ့ရဲ့ကိစ္စဖြစ်လို့ သူတို့ တပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းလုပ်ဆောင်မယ်လို့ ထင်ပါတယ်” ဟု မြိတ်ခရိုင် တပ်ရင်း- ၁၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။
MPA အနေနှင့် KNDO တပ်ရင်းမှူး ဗိုလ်ကျော်ထွန်းထံသို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရသေးပေ။