မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဇန်နဝါရီ ၁၁ ညပိုင်းမှစတင်ကာ အပစ်ခတ်ရပ်စဲ ကြောင်း သဘောတူညီခဲ့သော်လည်း၊ ကျောက်မဲမြို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရ သည်။
ယနေ့(ဇန်နဝါရီ ၁၃ရက်)၊ မနက် ၉နာရီ မိနစ် ၃၀ မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နမ့်စော ကျေးရွာနှင့် ငြိမ်းရေးကုန်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
“အသံကအကျယ်ကြီးပဲ၊ လက်နက်ကြီးကော၊ အသေးကော စုံနေတာပဲ၊ ဘယ်ဘက်ကနေပစ်ကြလဲတော့ မသိဘူး”ဟု ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ “ဟိုင်ဂင်”တွင် နှစ်ဘက်တပ်များအကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဘောတူညီချက်တွင် နှစ်ဘက်တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အငြင်းပွား ဖွယ်ရာများနှင့် လိုလားချက်များ(ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။
“ခုဏကလေယာဉ်လည်းလာတယ်။ ပစ်တော့မပစ်သေးဘူး။ အခုလောလောဆယ်က နှစ်ဘက်စစ်ရေးတင်းမာနေ တယ်”ဟု ၇ ကွပ်နေအမျိုးသမီးဦးက ပြောသည်။
ငြိမ်းချမ်းရေးကုန်းအနီးတစ်၀ှိုက်တွင် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမရခင်ကတည်းကပင် TNLA တပ်များ ရောက် ရှိနေခြင်းဖြစ်ပြီး၊ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“အပစ်ခတ်ရပ်စဲရေး သဘောတူလိုက်ကြောင်း အမိန့်ရပြီးတဲ့နောက် သူတို့(TNLA)က တိုက်ပွဲရပ်လိုက်ပြီ၊ ရှေ့ဆက် မတိုးကြဘူး”ဟု TNLA နှင့် နီးစပ်တူတစ်ဦးက ပြောသည်။
မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့ သော်လည်း စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေများသို့ လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဇန်နဝါရီ ၁၂ရက်တွင် TNLAက သတင်းထုတ်ပြန်ထားသည်။
လက်ရှိ ကျောက်မဲမြို့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေမှုကြောင့် ပြည်သူများနှင့် နေအိမ်ထိခိုက်မှု အခြေအနေကို MPA က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။