ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် အရပ်ဝတ်ဖြင့် WYမူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ရဲတပ်သား ၁ ဦးကို ဖမ်းဆီးရမိကြောင်း KNDF တပ်ရင်း-၅က ယနေ့ (ဒီဇင်ဘာ ၁၅ရက်နေ့) သတင်းထုတ်ပြန်သည်။
ယင်းရဲတပ်သားကို KNDFတပ်ရင်း-၅ ရဲဘော်များက Karenni State Police – KSP ထံသို့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အပ်နှံခဲ့ကြောင်းသိရသည်။
“ကျနော်တို့ သတင်းအရ ဖမ်းဆီးတာ။သူတစ်ယောက်တည်းပါပဲဗျ။ဖမ်းဆီးစဥ်မှာတော့ အသာတကြည်ပဲ အဖမ်းခံပါတယ်။သူ့ကို စစ်ဆေးမေးမြန်းပြီး ၁၃ ရက်နေ့မှာ KSPကိုအပ်ခဲ့ပါတယ်။ဖမ်းဆီးခဲ့တဲ့လမ်းနဲ့ရပ်ကွက် အမည်တွေကိုတော့ လုံခြုံရေးအရ ဖြေကြားပေးလို့မရပါဘူး”KNDFတပ်ရင်း-၅ မှရဲဘော်တစ်ဦးက ပြောသည်။
ယင်းရဲတပ်သားထံမှ WY ဆေးပြား ၁၂ ပြား၊လက်ကိုင်ဖုန်း ၂ လုံး ၊လက်ပစ်ဗုံး ၃ လုံး နှင့် ငွေသားအချို့ကို သိမ်းဆည်းရမိခဲ့သည်။
“အဓိကတော့ စစ်ရေးကြာလာချိန်ကြောင့်လည်း ဖြစ်နိုင်သလို သူတို့တပ်အင်အားလျော့လာတဲ့အတွက်ကြောင့် အားယူပြီး မူးယစ်ဆေးဝါးသုံးပြီး တိုက်နေရတယ် လို့ပြောလို့ရပါတယ်။ အဲကြောင့် စခန်းသိမ်းတိုက်ပွဲတိုင်းလိုလိုမှာ မူးယစ်ဆေးဝါးတွေ သိမ်း သိမ်းယူရတာတွေရှိတယ်”ဟု ကရင်နီပြည်နယ်အတွင်းရှိ PDF ရဲဘော် တစ်ဦး ကပြောသည်။
မူးယစ်ဆေး မိသောရဲတပ်သား တင်မောင်နိုင်မှာ လွိုင်ကော်မြို့၊တောင်စျေး(သီရိမင်္ဂလာစျေး)အနီးရှိ KBZ ဘဏ်တွင် တပ်စွဲထားသည့် ရဲတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကြောင်း၊WY ဆေးပြားများကို အပြင်မှ ဝယ်ယူကာ ရဲတပ်ဖွဲ့ဝင်များထံ ပြန်လည်ရောင်းချနေသူ တစ်ဦးဖြစ်ကြောင်း KNDF တပ်ရင်း-၅ ကထုတ်ပြန်ထားသည်။