အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သည့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်မှ မတရားဖမ်းဆီးပြီးနောက် အမှုပေါင်းများစွာရင်ဆိုင်နေရပြီး (၇၄) နှစ်မြောက်အာဇာနည်နေ့ကိုနေအိမ်အကျယ်ချုပ်ဘဝဖြင့်ဖြတ်သန်းနေရသည်။
စစ်တပ်မှပြုလုပ်သည့်၇၄နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို အာဇာနည် (၄) ဦး၏မိသားစုဝင်များတက်ရောက်ခြင်းမရှိခဲ့ပဲ၎င်းတို့နေရာတွင်သာမန်ဝန်ထမ်းအဆင့်ရှိသူများကသာ အစားထိုးဂါဝရပြုခဲ့သည်။
အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်များ အပါအဝင် ဦးဘဝင်း၊ သခင်မြနှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
တက်ရောက်ခြင်းမရှိသည့်မိသားစုဝင်များနေရာတွင်စစ်အုပ်စုလက်အောက်ခံသာမန်ဝန်ထမ်းအချို့ကိုအစားထိုးခဲ့သည်ကိုတွေ့ရသည်။အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း၏နေရာတွင် ရန်ကုန်စည်ပင်ပြန်ကြားရေးမှဌာနမှူးတစ်ဦးကို အစားထိုးခဲ့ပြီး ကျန်သုံးဦးနေရာတွင်အခမ်းအနား ကျင်းပရေးကော်မတီမှ လူများက အစားထိုးပြီး လွမ်းသူ့ ပန်းခွေချ ဂါရဝပြုပေးခဲ့သည်။
အာဇာနည်ခေါင်းဆောင် ဒီးဒုတ် ဦးဘချို၊ မန်းဘခိုင်၊ စဝ်စံထွန်း၊ ဦးအုန်းမောင်နှင့် ဦးရာဇာတ်တို့၏ မိသားစုဝင်များသာ တက်ရောက်ခဲ့သည်။
၇၄နှစ်မြောက်အာဇာနည်နေ့အခမ်းအနားသည်စစ်တပ်မှ အာဏာသိမ်းမှုကျူးလွန်ပြီးနောက်ပိုင်းတွင်ပထမဆုံးပြုလုပ်ရသောနိုင်ငံတော်အဆင့်အခမ်းအနားတစ်ခုဖြစ်သည်။
ပြည်သူလူထုအနေဖြင့် နံနက် ၁၀နာရီ၃၇မိနစ်တွင်ကားဟွန်းတီးခြင်း၊တစ်မိနစ်ငြိမ်းခြင်းများပြုလုပ်ပြီး အာဇာနည်(၉)ဦးအပါအဝင်တိုင်းပြည်အတွက်အသက်ပေးဆပ်ခဲ့သူတို့အတွက် ဝမ်းနည်းကြောင်းပြသခဲ့ကြသည်။
အထွေထွေသပိတ်ကော်မတီ( GSC) ၊ ဗကသ နှင့် မိတ်ဖက်အဖွဲ့အစည်းများက ယနေ့ကျရောက်သော အာဇာနည်နေ့တွင် မိမိတို့တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် အာဇာနည်တိုင်းကို ဦးညွှတ်ဂုဏ်ပြုရင်း ” လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ၉ဦးမက။’‘ ဟူသည့် ခေါင်းစဥ်ဖြင့် လူထု လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။
# ၁၉ဇူလိုင် #အတိုင်ပင်ခံပုဂ္ဂိုလ် #အာဇာနည်နေ့ #MPA