စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခတ် ဒုက္ခသည်စခန်းနှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် မျှဝေခဲ့သည့် CDM ဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် နေထိုင်သည့် CDM ဆရာမတစ်ဦးသည် မုန်လိုင်ခတ် ဒုက္ခသည်စခန်းနှင့် ပတ် သက်သည့် အကြောင်းအရာများကို လူမှုကွန်ရက်တွင် တင်ခဲ့မှုနှင့်ပတ်သက်ပြီး၊ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ် တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးမှ၊ အဆိုပါ ဆရာမအား ဖမ်းဆီးရန် အောက်တိုဘာ (၁၂)ရက်၊ ညနေ ၃နာရီခွဲခန့်တွင် တင်ခဲ့ပြီးနောက် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ Telegram မှာ ဖမ်းဖို့ တင်ထားတာပေါ့၊ ဒါပေမယ့် လိပ်စာအတိအကျကို သူတို့ကမသိဘူး၊ အဲ့ဒီတော့ ဟော့ပေါ့ ၆သောင်းဖိုးကို အော်ဒါမှာပြီး လိပ်စာသိရတော့၊ နေအိမ်မှာဘဲ အမရပူရရဲစခန်းကနေ လာဖမ်းသွားတာပါ ” ဟု အမရပူမြို့ရှိ ဒေသခံတစ်ဦးက ပြေသည်။
ဖမ်းဆီးခံရသည့် ဆရာမသည် စစ်တပ် အာဏာသိမ်းပြီးနောက် CDMလှုပ်ရှားမှု၌ ပါဝင်ခဲ့ပြီး၊ ဟော့ပေါ့ရောင်းချပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသူတစ်ဦးလည်းဖြစ်သည်။
“ ဆရာမက Facebook မှာ ပို့စ်တွေ တင်ရင် Friend only နဲ့ပဲ တင်တာ၊ သတင်းသွားပေးတဲ့သူကလည်း ဆရာမ တင် ထားတဲ့ ပို့စ်တွေကို Screen Shot ရိုက်ပြီး စစ်တပ်လော်ဘီတွေဆီ သွားပို့ပြီး တိုင်လို့၊ အခုလိုအဖမ်းခံရတာပါ “ ဒေသခံ တစ်ဦး က ရှင်းပြသည်။
ဖမ်းဆီးခံရသည့် CDM ဆရာမသည် မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်ခံရသည့် သတင်းများ လူမှုကွန်ရက်၌ ဖော်ပြသည့်အပြင်၊ NUGနှင့် PDFများကို အားပေးကာ၊ MPDF အဖွဲ့အား လစဥ် ထောက်ပံ့မှုများပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်၊ တယ်လီဂရမ်ချန်နယ်များ၌ ဖော်ပြထားသည်။
“ ဆရာမက အာဏာသိမ်းပြီးကတည်းက CDMလုပ်နေတာပါ၊ အခုဆို မန်းလေးက CDMလုပ်ထားတဲ့သူတွေကို Non CDM လုပ်ဖို့ စစ်ကောင်စီဘက်ကနေ ဖိအားပေးပြီး၊ လုပ်ခိုင်းတာမျိုးတွေ ရှိတာတောင် မလုပ်ပါဘူး၊ သူ့ဟာသူ အဆင် မပြေပြေအောင် ဈေးလေးရောင်းပြီး ရပ်တည်နေတာပါ ” ဟု ဖမ်းဆီးခံရသည့် ဆရာမနှင့် ရင်းနီးသည့် အောင်မြေသာစံ မြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။
ထို့ပြင် ယခုလ(အောက်တိုဘာ)၊ ၁ရက် မှ စတင်ကာ ၊ အမရပူမြို့နယ်အတွင်း၊ အမျိုးသားများအနေဖြင့် ဆိုင်ကယ် တစ်စီးကို နှစ်ယောက်မစီးရဟု စစ်ကောင်စီ ကန့်သတ်ထားသည့်အပြင်၊ ရပ်ကွက်အချို့၌ ညအချိန် ရှောင်တခင် ဧည့် စာရင်း စစ်ဆေးမှုများ ပြုလုပ်လာကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ ဧည့်စာရင်းက တစ်လ တစ်ခါ သွားပြီး တိုင်ရတယ်၊ တိုင်တဲ့အခါလည်း ပိုက်ဆံပေးရသေးတယ်၊ ညဘက် ၁၂၊၁နာရီ လောက်ကို စစ်ချင်ရင် ၀င်စစ်တာ၊ အုပ်ချုပ်ရေးမှူးတွေရောပါတာပေါ့၊ မတိုင်ရင် ဒဏ်ရိုက်တယ်၊ ဒီလ ၂ရက်နေ့လောက် ကလည်း လူငယ် တစ်ဦးကို ဧည့်စာရင်းစစ်ပြီး ဝင်ဖမ်းသွားတာပဲ၊ ဘာလို့လဲဆိုတာ အခုထိ မသိရသေးဘူး၊ သူတို့က မလုပ်ရဲတာမရှိဘူးဆိုပြီး လုပ်ချင်သလို လုပ်နေကြတာ၊ ကိုယ့်အိမ်မှာကိုယ် နေနေတာတောင် မလုံခြုံတော့ပါဘူး ” ဟု အမရပူရမြို့ ဒေသခံတစ်ဦး ကပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်၊ လူမှုကွန်ရက်စာမျက်နှာများတွင် စစ်တပ်အား ဝေဖန့်သည့် အကြောင်းအရာများ နှင့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားပြောဆိုမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးမှုများ ပြုလုပ်ရာ၊ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလ အထိ ဖမ်းဆီးခံရသူ အရေအတွက် ၁၃၁၆ ဦးအထိရှိပြီး၊ ဖမ်းဆီခံရသူများအနက် တစ်ဝက်နီးပါးသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ ဖြစ်ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။