စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ အထိုင်ချတပ်စွဲထားသဖြင့် ဒေသခံပြည်သူများ (၇)လကျော်အထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ယခုနှစ် မတ်လ (၂၀)ရက်မှ စတင်ကာ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးပြီး၊ ကျေးရွာများ၌ အထိုင်ချတပ်စွဲထား သည့်အတွက် အောင်းကုန်း၊ နန့်သာ၊ အင်ပင်၊ မော်တိတ်၊ ရွာသာယာ၊ ကျွန်းတော စသည့် ကျေးရွာ(၆)ရွာမှ ပြည်သူ (၆၀၀၀)ကျော်ခန့် စစ်ဘေးရှောင်နေရကြောင်း Indaw Revolution-IR မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“ အဲဒီဒေသတွေက စစ်ကြောင်းထိုးပြီးကတည်းက ကတုတ်ကျင်းတွေတူး၊ တပ်စခန်းတွေ အခိုင်အမာလုပ်ပြီး တပ်စွဲ ထားလိုက်တော့၊ ရွာသားတွေကလည်း ရွာထဲ ပြန်မ၀င်နိုင်တော့ဘူးပေါ့၊ သူတို့ရှိနေတော့ တိုက်ပွဲတွေကလည်း ခဏ ခဏ ဖြစ်တော့ ပြန်မဝင်ရဲဘဲ စစ်ရှောင်နေကြရတာပါ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကျေးရွာ ၆ရွာမှ ဒေသခံ ပြည်သူ (၆၀၀၀)ကျော်ခန့်သည် စစ်ကောင်စီတပ်များနှင့် လွတ်ရာ ဘုန်းကြီးကျောင်းများ၊ တောတိုက်များထဲ၌ ယာယီတဲများထိုးကာ စစ်ဘေးရှောင်နေရကြောင်း၊ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်ရန် မလွယ်ကူသည့်အတွက် လယ်ယာအလုပ်များ လုပ်ကိုင်၍ မရသဖြင့်၊ ထောက်ပံ့ပေးနေသည့် အလှူရှင်များ အကူအညီဖြင့်သာ ရပ်တည်နေရကြောင်း သိရသည်။
“ ထောက်ပံ့ပေးနေတဲ့ အလှူရှင်တွေ၊ NUGရဲ့ လူကယ်ပြန်ကနေ အမြဲတမ်းစစ်ရှောင်တွေအတွက် လုပ်ပေးနေတာ တွေတော့ ရှိပါတယ်၊ ထောက်ပံ့မှုတွေက လုံလုံလောက်လောက်တော့ ရှိပါတယ်။ ဒါပေမယ့် ရှာတော့ ရှာရတာပေါ့၊ ရေရှည်မှာ အခက်အခဲလေးတွေ ရှိတယ်။ အဲ့ဒါကြောင့်မို့ တစ်ချို့ကြတော့ မှော်ထဲ တက်ပြီး အလုပ်လုပ်ကြတယ်။ တစ်ချို့ကြတော့လည်း၊ သူများဒေသတွေစီမှာ သွားပြီးလုပ်ကြရတယ်၊ တစ်ချို့ကြလည်း အနီးနားမှာ ပဲကောက်၊ စပါးစိုက်၊ စပါးရိတ် ၊ အငှားလိုက်တာမျိုးတွေ လုပ်ပြီး နေနေရပါတယ်” ဟု တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ် ဇူလိုင်လ ၁၇ရက်တွင်လည်း ဒေသခံ စစ်ရှောင် ပြည်သူနှစ်ဦးမှာ၊ စစ်ကောင်စီတပ်စွဲထားသည့် နန့်သာရွာအနီးရှိ ၎င်းတို့ လယ်သို့ အသွားတွင် နင်းမိုင်းမိပြီး သေဆုံးခဲ့ကြောင်း သိရသည်။
၎င်းကျေးရွာများတွင် စစ်ကောင်စီတပ်မှ အထိုင်ချတပ်စွဲပြီးသည့်နောက် နေအိမ်များမှ ပစ္စည်းများယူခြင်း၊ စပါးတိုက်များမှ စပါးများကို ပျူစောထီးများနှင့်ပေါင်းပြီး ရောင်းချခြင်းများလည်း ပြုလုပ်ခဲ့သည့်အပြင်၊ အမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံ မှ စုံစမ်းသိရှိရသည်။
မော်တိတ်ဒေသအတွင်းရှိ ၎င်းကျေးရွာများသည် (၇)လကျော်အတွင်း နေအိမ်စုစုပေါင်း (၄၀) ကျော်ဖျက်စီးခံခဲ့ရပြီး ၊တိုက်ပွဲ (၈)ကြိမ်၊ လေကြောင်း တိုက်ခိုက်မှူ (၄)ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ၊ ၂၀၂၃ခုနှစ် ၊ မေ ၂၃ ရက် တွင်လည်း စစ်ကောင်စီ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းတောရွာနှင့် ရွာသာယာရွာမှ ဘုန်းကြီးကျောင်းများပျက်စီးခဲ့ရသည်။