စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးသဖြင့် ရွှေဘိုမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် CDM ကျောင်းအုပ်ဆရာမတစ်ဦးကို စစ်ကောင်စီက ယမန်နေ့(စက်တင်ဘာ ၁၉ ရက်)တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီဖမ်းဆီးခြင်းကိုခံခဲ့ရသည့် CDM ကျောင်းအုပ်ဆရာမသည် အသက် ၅၃နှစ်အရွယ် ရှိပြီဖြစ်ကာ၊ ၎င်းနေထိုင်ရာ ဝက်လက်မြို့ ၊ ဖွတ်လှိုင်းကျေးရွာသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခဲ့သည့်အတွက် ရွှေဘိုမြို့၊ အောင်မြေသာသနာ့ရိပ်သာ ဘုန်ကြီးကျောင်း၌ စစ်ဘေးရှောင်နေစဉ် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
“ သတင်းပေးရှိလို့ဖမ်းတာနေမှာ၊ မြို့ပေါ်တက်စစ်ရှောင်ရင်းအဖမ်းခံရတာ၊ အရင်တစ်ခါ စစ်ကြောင်းတွေ အများကြီး ထိုးတော့ ပြေးတာ၊ တစ်လတောင်မပြည့်သေးဘူး စစ်ရှောင်နေတာ၊ ၁၅ ရက်၊ ရက် ၂၀ လောက်ရှိဦးမယ်။ အခုတော့ စစ်တပ်က ဖမ်းသွားတယ်။ ဘယ်လိုပုဒ်မတွေနဲ့ ဖမ်းသွားတယ်ဆိုတာတော့ သေချာမသိရဘူး” ဟု ရွှေဘိုမြို့ ဒေသခံတစ်ဦး ကပြောသည်။
အဆိုပါဖမ်းဆီးခံရသည့် CDM ကျောင်းအုပ်ဆရာမ၏ဓာတ်ပုံနှင့် ပုန်းခိုနေသည့်နေရာကို စစ်တပ် ၀ါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဩဂုတ်လက စစ်ကောင်စီတပ်သည် စစ်ကြောင်း ငါးကြောင်းဖြင့် ဝက်လက်မြို့သို့ ထိုးစစ်ဆင်ခဲ့သောကြောင့် CDM ကျောင်းအုပ်ဆရာမသည် မိဘနှစ်ပါးနှင့်အတူ စစ်ဘေးတိမ်းရှောင်ရင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင်လည်း စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဝက်လက်မြို့နယ်အား စစ်ကြောင်းထိုးမှုများ ပိုမိုပြုလုပ်ပြီး PDF များကို ရှင်းလင်းသင့်သည်ဟု ဝါဒဖြန့်ရေးသားမှုများပြုလုပ်ထားသည်။