KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှ ထိုင်း – မြန်မာနယ်စပ် တစ်နေရာတွင်တည်ရှိသော စစ်ကောင်စီတပ်၏ ရေတလျောက်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာ သိမ်းဆည်းရမိခဲ့ကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူထံက သိရှိရသည်။
ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) နံနက် ၇ နာရီ ၅၅ မိနစ်အချိန်မှစတင်၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အဆိုပါစခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ ကွီလုံတိုင်ရယ် ရေတလျောက်ရယ် အမြောက်ကုန်းရယ်က တြိဂံပုံစံပေါ့နော်။ အဓိကကတော့ ကွီလုံတိုင်ရယ် ရေတလျောက်ရယ်က ထိုင်းနယ်စပ်ပေါ့ မဆုတ်တမ်းခံစစ်တွေပါ။ ကွီလုံတိုင်ဘက်ကို စစ်ကူလာတဲ့ စစ်ကြောင်းဆိုရင်လဲ ရေတလျောက်ဘက်ကနေလာတာ။ စစ်ကူလာရင်လဲ သူတို့က မြန်မာဘက်က လာရတာခက်တော့ ဟောင်သရောမြစ်ကို ကျော်ပြီး ထိုင်းဘက်နဲ့ ညှိပြီး လာပုံရတယ်။ အခုတော့ အဲ့ရေတလျောက်စခန်းသိမ်းခံလိုက်ရပြီလို့ ကြားပါတယ်။” ဟု KNUနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၉) ဦးသေဆုံးပြီး အခြားတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းလည်း သိရှိရသည်။
ရေတလျောက်စခန်းအတွင်းမှ MA-1 သေနတ် (၁) လက်၊ MA-2 သေနတ် (၂) လက်၊ MA-3 သေနတ် (၁) လက်၊ MA-4 သေနတ် ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60 mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက်နှင့် ငါးကြင်းမြိး စက်လက် (၁) လက် တို့ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
ထို့အပြင် RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံး စသည့် ခဲယမ်းကျည်ဆံနှင့် အခြားပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
အဆိုပါစခန်းကို KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ (၁) ဦး ကျဆုံးခဲ့ကြောင်းလည်း သိရှိရသည်။