ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး လဝက်အတွင်း ပြည်သူ ၁၀ ဦး ထက်မနည်းသတ်ဖြတ်ကာ ကျေးရွာများကိုလည်း မီးရှို့ဖျက်စီးသွားကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့ မေ ၂ ရက်အထိ ဆက်လက်စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာသစ်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံတစ်ဦးက ဆိုသည်။
“ကျတော်တို့ ရွာသစ်ရွာထဲပိတ်မိကျန်ခဲ့တဲ့သူငါးယောက်လောက် အသတ်ခံရတယ်ကြားတယ်၊ ပြီးတော့ပိတောက်ကုန်းရွာက ဦးဇင်းတစ်ပါးရယ်၊ ပြည်သူသုံးယောက်ရယ် အသတ်ခံလိုက်ရတယ်တဲ့၊ မီးရှိုခံရတဲ့ရွာတွေလည်း မနည်းတော့ဘူး ရွာသစ်၊ ပိတောက်ကုန်း၊ ရေတာရှည်လေး အဲဒီအနီးအနားက ရွာအများစုအရှို့ခံရတယ်၊ အခြေနေတွေကတော့ အိမ်ပြန်ကြည့်လို့ရမှပဲအတိအကျပြောလို့ရမှာ”ဟု ၎င်းက MPA ကိုပြောသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့အစည်းများ ထိတွေ့တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး လူအင်အားရှိသော်လည်း လက်နက်အင်အား မမျှတခြင်းကြောင့် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော်များ အခက်တွေ့နေကြောင်း တပ်ရင်း-၃၅၀၁ တပ်ခွဲ ၄ ရှိသတင်းထုတ်ပြန်ရေးနှင့်ပြန်ကြားရေး တာဝန်ခံကဆက်လက်ပြောသည်။
“လက်နက်အလုံအလောက်မရှိတော့ စစ်ကြောင်းကို မဟန့်တားနိုင်ဘူး။ သူတို့(စစ်တပ်)ဘက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေရော လေယာဉ်တွေနဲ့ပါ ပစ်တာ၊ အခုစစ်ကြောင်းက အေးသာယာ၊ ရွှေပြည်သာ၊ သစ်ချဆိပ်တစ်ကြော ကိုရောက်နေပြီ၊ ပြည်သူတွေလည်း ၁၀ ဦးထက်မနည်း အသတ်ခံရတယ်ကြားတယ် ၊ သေချာအသေးစိတ်ကိုတော့ စစ်ရေးအေးတဲ့အခြေနေရောက်မှ ပြောပြလို့ရမယ်”ဟု ၎င်းကရှင်းပြသည်။
ပဲခူးတိုင်း၊ စီပွားကူးသန်းဝန်ကြီးဦးတင်ဦးသည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများတွင် နေထိုင်ကြသည့်ပြည်သူများအား အကြမ်းဖက်သောင်းကျန်းသူများဟုပြောဆိုထားပြီး ပြည်သူအားလုံးကို ရန်သူကဲ့သို့ သဘောထားကာ စစ်ကောင်စီဘက်က အစွမ်းကုန်ယုတ်မာမည်ဖြစ်သောကြောင့် ပြည်သူများ ဂရုစိုက်နေထိုင်ကြရန် ၎င်းကသတိပေးသည်။
“စစ်ကြောင်းထိုးတဲ့နေရာတွေမှာရော ပြည်သူတွေကို လူသားဒိုင်းလုပ်လာတာတွေရှိတယ်၊ သတ္တိရှိရှိစစ်ကြောင်းထိုးတာမဟုတ်ဘူး။ ပြီးတော့ စစ်ရှောင်ပြည်သူတွေနေအိမ်က ပစ္စည်းတွေခိုးယူပြီးတစ်ဖက်မှာ သူရဲကောင်းကြီးသဖွယ် ဝေမျှတဲ့ပုံတွေလုပ်နေတာ”ဟု ၎င်းက ဆိုသည်။
ယခု စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄)၊ ကီးကူစစ်ကြောင်း၊ ပုဝါနီစစ်ကြောင်း၊ နေပြည်တော်အလယ်ပိုင်းတိုင်း PDF အဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုအများအပြားရှိပြီး တော်လှန်ရေးအဖွဲ့စည်းများဘက်ကလည်း ရဲဘော် ၆ ဦးအထိ ကျဆုံးခဲ့သည်။