စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမိတ်ရွာမှ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် လေဖြတ်နေသည့် ဝေဒနာသည်တစ်ဦးကို စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် နှစ်ဦးလုံး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
တမူးမြို့နယ်၊ ပန်းသာပျူစောထီးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၂၀၀ ခန့်သည် စက်တင်ဘာ ၈ ရက်၊ နံနက် ၆ နာရီခန့်တွင် နန်းမွန်းတားကျေးရွာမှတဆင့် ခမိတ်ရွာသို့ ဝင်ရောက်ခဲ့ပြီး ယခုကဲ့သို့ လုပ်ဆောင်သွားခြင်းဖြစ်သည်။ အဘယ်ကြောင့် ပစ်ခတ်သွားသည်ကို MPA အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ကိုသားငယ်တဲ့။ သူကအရင်က ကျန်းမာရေးဝန်ထမ်း၊ အခုက CDM လုပ်ထားတာ။ အသက်က ၂၉ နှစ်။ သူက လယ်တောကအပြန် စကစတွေနဲ့တွေ့ပြီး သေနတ်နဲ့ ၃ ချက်ပစ်သတ်ခံရတာ။ ပြီးတော့ နောက်တစ်ယောက်က ဦးသောင်းခိုရန်း။ သူက လေဖြတ်နေတာ။ အသက်က ၄၈ လောက်။ သူ့ကိုလည်း အိမ်ပေါ်မှာပဲ ပစ်သတ်ထားခဲ့ကြတာ”ဟု ခမိတ်ရွာ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီနှင့် ပျူစောထီးများသည် ခမိတ်ရွာအတွင်း ဝင်ရောက်၍ ဒေသခံများ၏ နေအိမ်နှင့် ပစ္စည်းများကို ဖျက်ဆီးယူဆောင်ကာ မွန်းလွဲ ၁ နာရီခန့်တွင် ပန်းသာရွာသို့ ပြန်လည် ထွက်ခွာသွားကြသည်ဟုဆိုသည်။
“ခမိတ်ရွာသား ၂ ယောက်ကိုလည်း ဖမ်းသွားတယ်။ ရန်ငြိမ်းအောင်ရွာက ၄ ယောက်ကိုလည်း ဖမ်းခေါ်သွားတယ်တဲ့။ ရန်ငြိမ်းအောင်ရွာက ၄ ယောက်ကိုတော့ ပြန်လွှတ်တယ်တဲ့။ ခမိတ်ရွာသား ၂ ယောက်ကိုတော့ ပြန်မလွှတ်သေးဘူး။ သေသလား ရှင်သလားလည်းမသိရဘူး”ဟု ဒေသခံက ဆက်ပြောသည်။
တမူးမြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိပြီး လွန်ခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကလည်း ဝိတုတ်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။