မကွေးတိုင်းတောင်ခြမ်း မြို့နယ် ၃ ခုက ဒေသခံများကို အခမဲ့ဆေးကုသပေးနေကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) ထံကသိရသည်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့သည် မကွေးတိုင်း၊ ငဖဲ၊မင်းလှနှင့်မင်းတုန်းမြို့နယ်တို့ရှိ ဒုက္ခများစွာ ကြုံတွေ့နေရသောပြည်သူများအား တပ်ရင်းများရှိ ဆေးဝါးများနှင့် အခမဲ့ ဆေးကုသပေးကာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း အရှိုချင်းကာကွယ်ရေးတပ် -ACDF မှ ဒုစစ်ဦးစီးချုပ် က ပြောသည်။
” ကျန်းမာရေးလုပ်ရှားမှုတွေကို ကျွန်တော်တို့က တော်လှန်ရေးအစကနေ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနယ်မြေမှာ လုပ်ဆောင်နေကြတာပါ ။အခုက မိုးတွင်းကာလမှာ ဆရာဝန်တွေနဲ့ လှုပ်ရှားနယ်မြေမှာ ဝင်ပြီးဆေးကုနေတာဖြစ်တယ် ” ဟု အရှိုချင်းကာကွယ်ရေးတပ် -ACDF မှ ဒုစစ်ဦးစီးချုပ် က ပြောသည်။
ထို ဒေသများရှိ လူကြီးများမှာ ရာသီတုပ်ကွေးနှင့်ငှက်ဖျားရောဂါ အများဆုံး ဖြစ်ပွားနေပြီး ကလေးငယ်တို့မှာ ဝမ်းရောဂါနှင့် ယားနာရောဂါ အဖြစ်များကြကာ ရွေ့လျားစနစ်ဖြင့် တစ်အိမ်တက်ဆင်းကုသပေးကြောင်းသိရသည်။
” ဒေသခံ ပြည်သူတွေအနေနဲ့ မိုးတွင်းကာလမှာ အပြင်ထွက်ပြီး ဆေးကုသဖို့မလွယ်ဘူး။တစ်ရွာကိုဝင်ရင် ၁၀ ယောက်ကနေ အယောက် ၃၀ လောက်ထိရှိကြတယ် ။ဆေးဝါးတွေကတော့ တပ်တွင်းက ဆေးဝါးတွေနဲ့ကုသပေးတာပါ။ တချို့ရွာတွေမှာ အရင်ကတည်းက ဆေးခန်းတွေမရှိခဲ့ကြတာပါ ” ဟု ၎င်းက ပြောသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှု နှင့် ထိခိုက်မှု များစွာ ရှိသော ကျေးရွာ ပြည်သူများမှာ ဆေးဝါး နှင့် ဆေးကုသရန် အလွန်ပင်ခက်ခဲကြပြီး သြဂုတ် ဒုတိယ ပတ်အတွင်း ထပ်မံကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံ မှုများကြောင့် အရေးပေါ်အကူအညီများစွာ လိုအပ်နေကြောင်းသိရသည်။