ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဖလမ်းမြို့နယ် ပြည်သူများအတွက် အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
သြဂုတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ဖလမ်းမြို့ပေါ်ရှိ ခလရ (၂၆၈) တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆွန်တလာကျေးရွာမှ မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းနောက် နေ့လယ်ပိုင်းတွင် ရမ်ထလိုကျေးရွာအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် ၄ လုံး၊ ဘုရားကျောင်းတစ်ကျောင်း၊ ရေကန်နှင့် အခြားပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း (၃၀၀၀) နီးပါးရှိခဲ့သည်ဟု CNDF က သတင်းထုတ်ပြန်သည်။
“ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ဆေးကုသမှု ခံယူနေကြတုန်းပါ။ နေရေး ထိုင်ရေးကတော့ တချို့က ရွာထဲ ပြန်မလာရဲသေးလို့ တောင်ယာမှာ ရှောင်နေတဲ့သူတွေလည်း ရှိတယ်”ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက MPA သို့ ပြောသည်။
ရမ်ထလိုကျေးရွာသည် ဖလမ်း-ဟားခါးအကြားတွင် တည်ရှိပြီး မကြာခဏတိုက်ပွဲဖြစ်ပွားသည့်ဒဏ်ကို ခံခဲ့ရသည့် ရွာဖြစ်သည်ဟု သိရသည်။
“ရမ်ထလို ကျေးရွာပြည်သူတွေကတော ကျီလန့်စာစားပဲ။ တိုက်ပွဲလည်း တော်တော်ကြုံရတဲ့ရွာဖြစ်တယ်။ ဝေဟင်ကပါ တိုက်ခိုက်ခံရတော့ ရွာပြည်သူတွေ အနေနဲ့ကတော့ လုံခြုံမှုမရှိတော့ဘူးလို့ ထင်နေကြပါတယ်”ဟု ဆလိုင်းကျုံးငိုင်းက ဆက်ပြောသည်။
ယခုကာလသည် မိုးရသီဖြစ်သည့်အတွက် စစ်ရှောင်ပြည်သူများအနေဖြင့် ဖျားနာမှုများ၊ အမိုးအကာမလုံလောက်ခြင်းများကို ကြုံတွေ့နေကြရပြီး ဆေးဝါးနှင့် အခြားအကူအညီများ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။
ဗုံးဒဏ်ကြောင့် ပြည်သူများ၏ ဆေးဝါးကုသရေးနှင့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးအတွက်လည် အကူအညီများစွာ လိုအပ်လျက်ရှိသည်ဟု စုံစမ်းသိရှိရပါသည်။