ဒေသတွင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများနှင့် သဘာဝကပ်ဘေးများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသော ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပြီးနောက် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာကြောင်း ရခိုင်ဒေသခံများမှ MPA သို့ ပြောသည်။
“အခုရေကြီးပြီးတော့ ပိုပြီးဈေးတက်သွားတယ်။ နှစ်သောင်းလောက် ဈေးတွေ တက်သွားတယ်။ ပေါ်ဆန်းမွှေးဆန်ဆို အရင် ရေမတက်ခင်က ၁၂၀,၀၀၀ ပဲ ရှိတာ အခုတစ်သိန်း လေးသောင်းရှိသွားပြီ။ နည်းနည်းကြမ်းတာဆို အရင်က ကိုးသောင်းပဲ အခု တစ်သိန်းတစ်သောင်းရှိတယ်။ စားအုန်းဆီက တစ်ပိဿာကို တစ်သောင်းကျော်တယ်။ ကျန်တဲ့ နှမ်းဆီတွေ ပဲဆီတွေနဲ့ နေကြာဆီတွေဆို ၁၇,၀၀၀၊ ၁၈,၀၀၀ ထိ တက်သွားတယ်။ ရေမတက်ခင်တုန်းကတော့ ဆီတွေက တစ်သောင်းအတိပဲ ရှိတယ်”ဟု မင်းဖူးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
မိုခါမုန်တိုင်း တိုက်ခိုက်မှုဒဏ်ကြောင့် အမိုးအကာအောက်သို့ အမြန်ရောက်ရှိရေး အဓိကအလေးထား ဆောင်ရွက်နေစဉ် ရေကြီးမှုကို ထပ်ကြုံရ၍ ရခိုင်ဒေသခံပြည်သူများမှာ အခြေခံ စားသောက်ကုန် ၊ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး စားနပ်ရိက္ခာ သောက်သုံးရေ ရရှိရေး အရေးပေါ် လိုအပ်လျက်ရှိသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
“ကုန်ဈေးနှုန်းတွေ ဈေးတက်တာက အတက်ပဲ ရှိတယ်။ အကျကို မရှိတော့တာ။ လမ်းတွေ အခက်အခဲဖြစ်နေတော့ ရှိတဲ့သူက ရှိတဲ့ပစ္စည်းကို ဈေးတင်ရောင်းတော့တာပဲ။ အခုလို ရေကြီးလည်း တက်တယ်။ ရေမကြီးလည်း တက်တယ်။ ဒီလိုဈေးတွေ တက်တော့ကျ လက်လုပ်လက်စားတွေက လိုက်မမီတော့ဘူး။ သူတို့က ပိုပြီး အခက်အခဲဖြစ်တာပေါ့”ဟု မြောက်ဦးမြို့နယ် မြောင်းဘွေရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်တင်ပို့မှုသည် ပြည်မနှင့် ရန်ကုန်ကို အဓိကအားထားနေရပြီး လက်ရှိတွင်လည်း ပြည်မနိုင်ငံရေးမတည်ငြိမ်မှုများ၊ ရခိုင်ဒေသအတွင်း လမ်းခရီးအဆင်မပြေမှုများနှင့် သဘာဝကပ်ဘေးများကြောင့် ကုန်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေးမှာ နှောင့်နှေး ကြန့်ကြာလျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
“လမ်းခရီးတွေ ခက်ခဲလို့ ကားတွေနဲ့ ကုန်တွေဘာတွေ ယူလို့မရတော့ဘူးလေ။ မြောက်ဦးတို့ စစ်တွေတို့ မင်းပြားတို့ ဆီကနေ ယူရောင်းရတာ။ အဲ့ဒီမှာတည်းက ယူရတဲ့ ဈေးက တက်နေတာဆိုတော့ ဒီမှာ ပြန်ရောင်းတော့လည်း သယ်ရတဲ့ စရိတ်စားခနဲ့ဆို ဈေးတက်တော့တာပေါ့။ အဲ့ဒီက ဒိုင်ကြီးတွေကလည်း ပြည်မကနေ ယူရတာဆိုတော့ သူတို့ကလည်း ဈေးကြီးနဲ့ ဝယ်ထားရတော့ သူတို့မှာလည်း တက်နေတာပါပဲ”ဟု မြောင်းဘွေရွာမှ ကုန်စည်ရောင်းချသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေ ၁၄ ရက်က မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများစွာရှိခဲ့ကာ ဒေသခံ ပြည်သူများအနေဖြင့် အရေးပေါ်အကူအညီ လိုအပ်နေသော်လည်း စစ်ကောင်စီထံမှ ကူညီထောက်ပံ့ပေးမှု နည်းပါးနေသလို နိုင်ငံတကာ အဖွဲ့အစည်းများအားလည်း လုပ်ငန်းလုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ ပိတ်ပင် ကန့်သတ်ထားဆဲဖြစ်သည်။