နေပြည်တော်အပြင်စည်း ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲအတွင်း PDFရဲဘော် ၃ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၀ရက်နေ့၊နံနက် ၆နာရီခန့်မှစတင်ကာ နေပြည်တော်၊ ပျဉ်းမနား အရှေ့ဘက်မိုင် ၃၀ခန့်အကွာရှိ “ ဘို့မသံတောင်” စစ်ကောင်စီတပ်စခန်းကို PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ၌ကျဆုံးခြင်းဖြစ်ကြောင်း ခိုင်မာသည့်သတင်းရင်းမြစ်က ပြောသည်။
“ နေပြည်တော်ရဲ့အပြင်စည်းက စခန်းငယ် နှစ်ခုပေါ့။ ၆၀၅နဲ့ ၆၀၆စခန်းနှစ်ခုကို တိုက်ခိုက်တာပါ။စခန်းနှစ်ခုဆိုပေမယ့် တစ်နေရာတည်းမဟုတ်ဘူး။ရွာချင်းဆက်နေတာပေါ့။စခန်းကြီးကိုတော့ မသိမ်းနိုင်သေးဘူး။စခန်းငယ်တစ်ခုကိုတော့ သိမ်းနိုင်ခဲ့ပါတယ်။ဘို့မသံတောင်စခန်းရဲ့ တပ်ရင်းမှူးရဲ့ သေနတ်အတိုအပါအဝင် သေနတ် ၁၄လက်နဲ့ RPG ရခဲ့တယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။
ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲတွင် လက်ပစ်ဗုံးဒဏ်ကြောင့် PDFရဲဘော်နှစ်ဦးပွဲချင်းပြီးကျဆုံးခဲ့ပြီး ဩဂုတ်လ ၁၂ရက်နေ့၌ ရရှိဒဏ်ရာဖြင့် နောက်ထပ်ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ယင်းတိုက်ပွဲအတွင်းပါဝင်သည့် PDFရဲဘော်တစ်ဦးက ပြောသည်။
ကျဆုံးသွားသည့် ရဲဘော် ၃ဦးမှာ ရဲဘော် ခွန်းမြင့်ဦး(အသက်၂၀)၊ ရဲဘော် ခွန်းစတီဗင်(၁၉နှစ်)နှင့် ရဲဘော် ခွန်းဘော်စကို(၁၉နှစ်)တို့ဖြစ်သည်။
“ အဲ့နေ့က စခန်းသိမ်းတော့စစ်ကောင်စီဘက်က ၁၄ဦးသေပြီး ၁၁ဦးဒဏ်ရာပြင်းထန်ရသွားတယ်။မြူတွေကျနေတော့ သတိမထားမိဘဲ လက်နက်ကောက်တုန်းမှာ အသက်ရှင်ကျန်နေတဲ့ စစ်သားက လက်ပစ်ဗုံးနဲ့ ပစ်လို့ ရဲဘော် ၂ဦးကျပြီး ၁ဦးက ဒဏ်ရာရတယ်ပေါ့။အဲ့ဒဏ်ရာရတဲ့ ရဲဘော်က ရရှိဒဏ်ရာနဲ့ပဲ ဩဂုတ်လ ၁၂ရက်နေ့ကဆုံးသွားပါတယ်။ဩဂုတ်လ ၁၃ရက်နေ့က ဓလေ့ထုံးတမ်းနဲ့အညီ အသုဘချခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲအပြီး ဩဂုတ် ၁၁ရက်နေ့တွင် စစ်ကောင်စီတပ်က ဘို့မအထက်ရွာအား ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ကာ တပ်စွဲထားခဲ့ရာ စစ်သားများရှိသည်ကို မသိဘဲ ရိက္ခာလာယူသည့် ရွာသား၂ဦးမှာ ယင်းရွာအတွင်း၌ သတ်ဖြတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ရွာထဲကို ဩဂုတ် ၁၁ရက်နေ့က ဝင်လာတဲ့ ရွာသားနှစ်ဦးကို စစ်တပ်က တွေ့ပြီး ဘို့မအထက်ရွာက ခန်းမဆောင်ထဲမှာ ပစ်သတ်ပြီး မီးရှို့ခဲ့တယ်။အိမ်သုံး၊လေးလုံးလောက် မီးထဲပါသွားတယ်။စခန်းသိမ်းတိုက်ပွဲရဲ့ နောက်ဆက်တွဲ ကျဆုံးတာပေါ့။အလောင်းပြန်မရပါဘူး” ဟု ၎င်းက ပြောသည်။
ဩဂုတ် ၁၂ရက်နေ့ကလည်းပျဥ်းမနားအရှေ့ဘက်ရှိ ဘို့မအထက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံတစ်ဦးသေဆုံးကာ နေအိမ် အလုံး၄၀ထက်မနည်းပျက်စီးခဲ့ကြောင်းသိရသည်။