တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းရှိ စစ်တပ်နှင့် ပျူစောထီးအခြေစိုက်သည့် ပုလောကုန်း ရွာ၌နေထိုင်သူပြည်သူများ ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် KNDOဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းမှူးက ပြောသည်။
“ ပုလောကုန်းရွာက ပုလောမှာ စစ်တပ်အခြေစိုက်တဲ့ရွာလည်းဖြစ်သလို စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးခေါင်းဆောင်တွေ ရှိတဲ့ရွာမို့လို့ စစ်ရေးပြုလုပ်တဲ့အခါ ပြည်သူတွေမရှိစေချင်လို့ပါ” ဟု ပူရိယက္ခညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလက ပြောသည်။
နွေဦးတော်လှန်ရေး ၂နှစ်ကျော်ကာလအတွင်း ပုလောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပုလောကုန်းရွာသို့ အလစ်အငိုက်ဝင်တိုက်ခြင်း၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် ပုလောကုန်းတံတားအနီး စစ်ကြောင်းထိုးပစ်ခတ်ခြင်းတို့ အကြိမ်ရေ ၇၀နီးပါး ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ အခုက ပုလောမှာရှိတဲ့ ပျူစောထီးတွေက ကျွန်တော်တို့တွေ ပစ်ခတ်နှိမ်နင်းလို့ ပုလောကုန်းရွာထဲခိုနေကြတာပေါ့။အဲ့မှာ စစ်တပ်လည်းရှိတာကို ကျွန်တော်တို့ဘက်ကရှင်းတယ်။စစ်ရေးပစ်မှတ်က ပုလောကုန်းရွာဆိုတော့ ပြည်သူစစ်စစ်တွေ မထိခိုက်စေချင်လို့ ရှောင်ခိုင်းတာပါ။ဒါမှလည်း ဘာမှ ငဲ့စရာမလိုဘဲ တိုက်လို့ရမှာ” ဟု ၎င်းက ပြောသည်။
ဇူလိုင်လ ၂၄ရက်နေ့ကလည်း ပူရိယက္ခစစ်ကြောင်း၏ လူမှုကွန်ရက်စာမျက်နှာမှ နေ၍ ပုလောကုန်းရွာရှိ ပြည်သူများအား ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်ရှားရန် ထုတ်ပြန်ထားသည်။
ဇူလိုင်၂၃ရက်နေ့က ပုလောကုန်းရွာသို့ လာသည့် စစ်ကား ၃စီးကို တစ်မိုင်တောင် အနီးတွင် ပူရိယက္ခညီနောင်စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရ သည်။