ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြင့်တက်သွားသည့် ဆန်ဈေးနှုန်းသည် မုန်တိုင်းကာလအလွန် ၂ လကျော် ကြာသည်အထိ ပြန်လည်ကျဆင်းခြင်းမရှိဘဲ မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
“မုန်တိုင်းမတိုက်ခင်တုန်းက ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၇ သောင်းကျော် ဝယ်ရတယ်။ မုန်တိုင်းလည်း တိုက်ပြီးရော တစ်သိန်းကျော်သွားတယ်။ အခုထိလည်း ဆန်ဈေးတွေက မကျသေးဘူး။ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ဆန်ဈေးတွေ တက်တာတွေကြောင့် စီးပွားရေး အဆင်မပြေမှုတွေ ဖြစ်လာရင် လူတွေက တစ်နေ့တစ်နေ့ အခြေအနေတွေ ဆိုးသထက် ဆိုးလာဖို့ပဲ ရှိတယ်”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံ အိမ်ရှင်မ တစ်ဦးက ပြောသည်။
မုန်တိုင်းဒဏ်ကြောင့် စားနပ်ရိက္ခာအတွက် သိမ်းဆည်းထားသော ဆန်များ ပျက်စီးဆုံးရှုံးခြင်း၊ ဆန်ရောင်းချသည့် ဆိုင်များမှလည်း ၎င်းတို့သိ မ်းဆည်းထားသော ဆန်များ မိုးရေစို၍ ပျက်စီးခြင်းစသည့် လိုအပ်ချက်များကြောင့် ဒေသတွင်း ပြည်သူများ ဆန်ရရှိရန်အတွက် ဆန်များအား ပြည်မမှ တင်သွင်းရခြင်းနှင့် ဆန်စက်မှ ဝယ်ယူရသည့် ဈေးနှုန်းများသည် လက်ရှိတွင် ငွေကျပ်တစ်သိန်းကျော်အထိ ပေးဝယ်နေရခြင်း စသည်တို့ကြောင့် ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ်မှ ဒေသခံဆန်ဆိုင်ရှင် အမျိုးသားက ပြောသည်။
“ဒီ ၂ လအတွင်းမှာ ဆန်ဈေးတွေက ထိုးတက်လာတာ။ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ ဦးလေးတို့ ဒေသခံတွေကတော့ တဖြည်းဖြည်း တက်နေတဲ့ ကုန်ဈေးနှုန်းတွေကို ကြောက်နေပါပြီ။ အလုပ်အကိုင်က မရှိဆိုတော့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပေါ့။ အစိုးရနဲ့ သက်ဆိုင်တဲ့ လူတွေက ဖြစ်နိုင်ရင် အမြန်ဆုံးထိန်းချုပ်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း အသုံးပြုကြသော ဆန်ကြမ်းများဖြစ်သည့် ရွှေဝါထွန်း၊ သီရိဒုံ၊ အိန္ဒိယနှင့် မှော်ဘီ စသည့် ဆန်ကြမ်းများလည်း ဈေးနှုန်းများမြင့်တက်နေကာ ယခင်က ၇ သောင်းခန့်ရှိသည့် ဆန်တစ်အိတ်သည် မုန်တိုင်းအလွန်တွင် တစ်သိန်းကျပ်နီးပါးထိ မြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ရက္ခိုင့်တပ်တော် အေအေမှ စားနပ်ရိက္ခာများအား ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်အတွက် ဇွန်လအတွင်းက ကြေညာခဲ့သော်လည်း ဒေသအတွင်း ဈေးတင်ရောင်းချမှုများရှိနေသေးသဖြင့် ယခု ဇူလိုင်လ ၁၆ ရက်နေ့ကလည်း စားနပ်ရိက္ခာ အပါအဝင် ဆေးများနှင့် အိမ်ဆောက်ပစ္စည်းများအား ဈေးတင်မရောင်းချရန်အတွက် ထပ်မံတိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်မှုသည် လွန်ခဲ့သည့် ၃ နှစ် ၂၀၂၁ ခုနှစ်အတွင်းက စတင်ခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အတွင်းတွင် သိသိသာသာမြင့်တက်လာပြီး ယခုနှစ် ၂၀၂၃ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ကုန်ဈေးနှုန်းမှာ အဆမတန်မြင့် တက်လာခဲ့ကြောင်း သိရသည်။