ရှမ်းပြည်နယ်၊ဖယ်ခုံမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် ထောက်ပို့ယာဉ် ၁စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦးသေဆုံးပြီးလက်နက်၊ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်(နေပြည်တော်ပကဖ)ထံက ပြောသည်။
ဇူလိုင် ၉ရက်နေ့၊ ည ၈နာရီခန့်က ဖယ်ခုံမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီ ထောက်ပို့ယာဉ် တစ်စီးကို ဖယ်ခုံမြို့နယ်၊ကုန်းဆုံကျေးရွာအနီး ခြုံခိုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်-ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက ပြောသည်။
“ ဇူလိုင်လ ၉ရက်နေ့ ည ၈နာရီက စစ်တပ်ရဲ့ ထောက်ပို့ယာဉ် ဒိုင်နာကားက ညွှန်တော်မူဘုရားနဲ့ ထိုင်တော်မူ ဘုရားအကြားက လမ်းဆုံကို ရောက်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ။သူတို့ဘက်က ၄ဦးက ပွဲချင်းပြီးသေတယ်။ဒါကတော့ မြေပြင်မှာ အတည်ပြုနိုင်တာပေါ့။အပြန်အလှန်ပစ်ခတ်မှုကတော့ တစ်နာရီနီးပါး ဖြစ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုကို PDF 1008 တပ်ရင်း(SSRY) ၊ PDF ၁၀၀၅ တပ်ရင်း (SSLRU) ၊ နေပြည်တော် (ပ.က.ဖ)၊ KRU ၊ ဖယ်ခုံ PDF 1002တပ်ရင်းနှင့် ရှမ်းတောင် မဟာမိတ် တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KRUတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ကျွန်တော်တို့မဟာမိတ်တပ်ပေါင်းစုတစ်ခုလုံးက ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် MA1တစ်လက်၊စက်လတ်(ငါးကြင်းမြီး)တစ်လက်၊၆၀(မမ)ဗုံးသီး ၁၆လုံး၊၁၈မိုင်း 1လုံး၊Tecno mobile Phone တစ်လုံးနှင့် စစ်ရိက္ခာပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် ၃ စစ်ဒေသ ၁၀၀၈ တပ်ရင်းက ယနေ့သတင်းထုတ်ပြန်ထားသည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။