မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်သည့် ပြည်သူ ၂ သိန်းကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ စားနပ်ရိက္ခာများ အကူအညီပေးခဲ့ကြောင်း WFP မှ မေလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ ဘယ်နေရာဒေသကပဲဖြစ်ဖြစ် အကူအညီ လိုအပ်နေသူတိုင်းအတွက် ကျွန်တော်တို့မှာ ရှိသလောက်စားနပ်ရိက္ခာတွေကို ပို့ဆောင်ပြီး ဖြန့်ဝေပေးနိုင်ဖို့ လျင်လျင်မြန်မြန် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ရိက္ခာတွေက လျော့နည်းလာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီအခြေအနေမှာ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို အရေးတကြီး လိုအပ်နေပါတယ်”ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တောနဲ့ မြောက်ဦးမြို့နယ်များသည် မုန်တိုင်းဒဏ် အဓိကခံခဲ့ရပြီး ရသေ့တောင်မြို့နယ်သည် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ကာ အဆောက်အအုံ ၉၅ ရာခိုင်နှုန်းနှင့်အထက် ပျက်စီးကြောင်း ရခိုင့်တပ်တော်တော် (AA) က MPA သို့ ပြောကြားထားသည်။
“နိုင်ငံတကာက ထောက်ပံ့တယ်ဆိုပြီးတော့တော့ မရဖူးသေးဘူး။ ဒီနေ့တော့ စစ်ကောင်စီကတော့ ဆန်၊ ဆီတွေနဲ့ တခြား ကြက်ဥတွေ ဘာတွေတော့ လာရောင်းတာရှိတယ်။ ပရဟိတနဲ့ အလှူရှင်တချို့လှူပေးတာတွေတော့ ရပါတယ်”ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
စစ်တွေမြို့နယ်ရှိ မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရသော နေရာများရှိ စစ်ရှောင်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP မှ လူတစ်ဦးကို ဆန်ရိက္ခာ ၇ ပြည်ခွဲစီ ပေးဝေခဲ့ကြောင်း သိရသည်။
“ဟုတ်တယ်။ လာတော့ ထောက်ပံ့ပါပြီ။ ဒါပေမယ့် မုန်တိုင်းသင့်တဲ့ ပြည်သူတွေကိုတော့ မဟုတ်ဘူး။ စစ်ဘေးရှောင်တွေကို အဓိကထောက်ပံ့တာပါ။ အဓိကကတော့ ဆန်ပေါ့။ ကျန်တဲ့ပစ္စည်းကတော့ ဘာတွေရလဲဆိုတာ အသေးစိတ်မသိရဘူး”ဟု ရခိုင်ပြည်နယ်တွင် ပရဟိတလုပ်ကိုင်ပေးနေသည့် လူငယ်တစ်ဦးမှ ပြောသည်။
ရခိုင်ပြည်နယ်တွင် အကူအညီအထောက်အပံ့များ အများစုမရောက်သေးသလို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ ရောက်မလာသေးသည့်အတွက် အိမ်သုံးပစ္စည်း၊ ဆေးဝါး၊ သောက်သုံးရေများ အဓိကလိုအပ်ချက်တွေရှိနေကာ စျေးကြီးသည့်ဒဏ်အား ရင်ဆိုင်နေရကြရသည်။
လက်ရှိချိန်တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ မုန်တိုင်းသင့်ဒေသ အကူအညီပေးရေးလုပ်ငန်းများအား မရရှိသေးကြောင်းလည်း ရခိုင်ပြည်နယ်ရှိ ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ဘက်တော့ ဘာမှ မရသေးဘူး။ ရသေ့တောင်နဲ့ စစ်တွေဘက်တော့ ရနိုင်မယ်ထင်တယ်။ ကျွန်တော်တို့ဆီမှာ ဘာအကူအညီမှကို မရထားသေးတာပါ။ သတင်းတွေမှာတော့ နိုင်ငံတကာက ဘယ်လောက်ထောက်ပံ့တယ်တို့ဆိုတာ သိရပေမယ့် တကယ်ဒုက္ခရောက်တဲ့ ကျွန်တော်တို့တွေကတော့ ဘာမှ မရသေးပါဘူး။ နောက်တစ်ခုက စစ်ရှောင်တွေကို ပေးတယ်လို့ဆိုပေမယ့် ပီပင်ရင်းစခန်းမှာတော့ ရတယ်မကြားသေးဘူး”ဟု ပီပင်ရင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
WFP မှ နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၂.၁ သန်းအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အဟာရ အကူအညီများအား ၂၀၂၃ ခုနှစ်ကုန်ပိုင်းထိ ပေးနိုင်ရန်အတွက်လည်း အမေရိကန် ဒေါ်လာ သန်း ၆၀ ရန်ပုံငွေ ရှာဖွေနေကာ ယင်း သန်း ၆၀ တွင် မုန်တိုင်းသင့် ပြည်သူ ၄၄၀,၀၀၀ အား ကူညီရန်အတွက် ရန်ပုံငွေ ၂၃သန်း ပါဝင်ကြောင်း သိရသည်။