By MPA CJ 012
ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေသူများအား ဖော်ထုတ်အရေးယူသွားမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းငွေကြေးဈေးနှုန်း တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်သူများအား အရေးယူမည်ဆိုပါကလည်း ဗဟိုဘဏ်ဥပဒေဖြင့်သာ အရေးယူနိုင်မည် ဖြစ်ကြောင်းသိရသည်။
“အရေးယူမယ်ဆိုရင်တော့ ဗဟိုဘဏ်ဥပဒေနဲ့ပဲ အရေးယူလို့ရမှာပါ။ ဗဟိုဘဏ်ဥပဒေရဲ့ အခန်း (၁၆) ရဲ့ တားမြစ်ချက်တွေမှာပါတဲ့ အချက်တွေကို ကျူးလွန်ရင်တော့ ပြစ်မှု၊ ပြစ်ဒဏ်တွေကို ချမှတ်နိုင်တယ်”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက MPA သို့ မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၏ အခန်း (၈) တွင် ပါဝင်သော ပုဒ်မများထဲမှ တစ်ရပ်ရပ်အား ကျူးလွန်ပါက ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
“ဈေးကွက်ထဲမှာ ဒေါ်လာ ဈေးတွေ တက်ပြီဆိုရင် သူတို့က အဲ့ဒီလိုစာတွေ ထုတ်ပြန်တော့တာပဲ။ ပြီးရင် ဈေးကွက်မှာ အမှန်တကယ်ဖြစ်နေတာကို တားနိုင်လားဆိုတော့လည်း မတားနိုင်ဘူး။ သူတို့ကသာ သူတို့သတ်မှတ်ထားတဲ့ နှုန်းနဲ့ ရောင်းပါဝယ်ပါ ပြောနေတာ။ တကယ့်ဈေးကွက်မှာကျ အကုန်လုံးက အပြင်ပေါက်ဈေးအတိုင်းပဲ လုပ်နေတာပါပဲ”ဟု ရန်ကုန်မြို့မှ ငွေကြေးလဲလှယ်သည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
နိုင်ငံခြားငွေလဲဈေးကွက်တွင် ငွေဈေးကမောက်ကမဖြစ်စေရန် လုပ်ဆောင်နေသည့် သူများနှင့် ငွေဈေးကစားသူများရှိနေပြီး အရေးယူမှုများ ပြုလုပ်မည်ဖြစ်သော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်လျက်ရှိပြီး ပြင်ပပေါက်ဈေးသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နှုန်းနှင့် ထောင်ဂဏန်းနီးပါးကွာဟနေသည်။
ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၂,၀၉၄ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပနိုင်ငံခြားငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၂,၉၅၀ ကျပ်နှင့် ၂,၉၆၀ အကြားရှိနေပြီး သုံးထောင်ပြည့်ရန် ဆယ်ဂဏန်းမျှသာ လိုတော့သည်။
“အခုက တစ်ဒေါ်လာကို မြန်မာငွေ ၃၀၀၀ နီးပါး ဖြစ်နေပြီ။ ငွေကြေးဈေးကွက်က တည်ငြိမ်တာမဟုတ်ဘူး။ အရောင်းအဝယ်တွေကတော့ အခက်အခဲနေတာပေါ့။ လိုချင်ရင် ဝယ်ရခက်နေတာပေါ့”ဟု ပြည်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြင်ပဒေါ်လာပေါက်ဈေးများ ဈေးမြင့်တက်နေသော်လည်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေရည်ညွှန်းဈေးအား ပြောင်းလဲမည်မဟုတ်ကြောင်း ထုတ်ပြန်ထားကာ ဒေါ်လာဈေးနှုန်း ကျဆင်းစေရန်အတွက် ဘဏ်များ၏ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသားများ တိုးမြှင့်ရောင်းချကာ USD Liquidity နှင့် MMK Liquidity တို့အတွက်လည်း ထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ ပညာတော်သင်သွားမည့်သူများ၊ ဆေးကုသမှုခံယူမည့်သူများ၊ အလုပ်သမားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများအတွက် ဘဏ်များ၏ ငွေလဲကောင်တာများတွင် အသေးသုံး နိုင်ငံခြားငွေများ တိုးမြှင့်ရောင်းချပေးရန်နှင့် နိုင်ငံတကာသုံး ငွေပေးချေကတ်များဖြင့် သတ်မှတ်ပမာဏအတွင်း ရောင်းချပေးရန်လည်း စီစဉ်နေကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။