ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နံပါတ်ပြားနှင့် ရပ်ကွက်ထောက်ခံစာမပါသည့် ကားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှသိရသည်။
လားရှို့မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် နံပါတ်ပြားနှင့် ရပ်ကွက်ထောက်ခံစာ ကတ်ပြားများပြုလုပ်ထားကြရန် စစ်ကောင်စီက မတ်လအတွင်းကြေညာခဲ့ပြီး ဧပြီ ၂၇ ရက်တွင် စတင်ဖမ်းဆီးနေခြင်းဖြစ်သည်။
ကားနံပါတ်ကတ်ပြားနှင့် ရပ်ကွက်ထောက်ခံစာကတ်ပြားပြုလုပ်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွပ်အုပ်ချုပ်ရေးမှူးများသည် ပြီးခဲ့သည့် မတ်လအတွင်း ကြေညာခဲ့ပြီးနောက် ဧပြီ ၂၇ ရက်တွင် စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်ကာကနံပါတ်ပြားရှိထားပြီးသားပေါ့နော်။ ဒါပေမဲ့ ရပ်ကွက်ထောက်ခံစာကတ်ပြားကိုတော့ ပြီးခဲ့မတ်လကတည်းက သွားလုပ်ထားပြီးပြီ အခုထိမရဘူး။ ဒီနေ့လည်း သွားမေးတယ် မရသေးဘူး။ ထုတ်မပေးမှတော့ ကားမစီးယုံပဲကျန်မှာပေါ့”ဟု လားရှိုးမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ရပ်ကွက်ထောက်ခံစာ ကတ်ပြားပြုလုပ်ရန်အတွက် ကားနံပါတ်၊ နေရပ်လိပ်စာအပြည့်အစုံနှင့် လားရှိုးမြို့တွင် နေထိုင်သူဖြစ်ရမည်ဖြစ်ပြီး ရပ်ကွက်ထောက်ခံချက်ကတ်ပြားပြုလုပ်ခိုင်းခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မြို့တွင်းသို့ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ပြုလုပ်ခိုင်းခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ်နေကြသည်။
လားရှို့မြို့ရှိ ရပ်ကွက်အုပ်ရေးမှူးများကလည်း ရပ်ကွက်ထောက်ခံစာကတ်ပြားကို ထုတ်ပေးရန် အချိန်ဆွဲမှုများရှိနေသဖြင့် ကားပိုင်ရှင်များအခက်တွေ့နေကြောင်း သိရသည်။
“စကစက သူမနိုင်မှန်းသိတော့ ကန့်သတ်ချက်တစ်ခုပြီးတစ်ခု ကန့်သတ်လိုက်တော့တာပဲ။ လူထုတွေ အကျပ်အတည်းဖြစ်အောင်လုပ်တာပေါ့။ အရင်က လိုင်းစင်မဲ့ကားပဲဖမ်းတယ်။ အခုက သူတို့(စကစ)သတ်မှတ်တဲ့ ကန့်သတ်ချက်မရှိရင် ရှိရှိသမျှကားအကုန်ဖမ်းတော့တာပဲ”ဟု မြို့ခံအမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
လားရှိုးမြို့သို့လာရောက်သည့် ယာဉ်မောင်းတစ်ဦးကလည်း “လားရှိုးအတွက်ပဲ ကန့်သတ်ရင်တော့တစ်မျိုးပေါ့နော်။ အခုက လာသမျှကားတွေ အကုန်စစ်ဆေးပြီး ဖမ်းမယ်ဆိုရင်တော့ ကားသမားတွေ့အခက်အခဲဖြစ်တာပေါ့။ အခုလောလောဆယ် မိုးလုံ၊ လေလုံခန်းမမှာ ဖမ်းထားတယ်လို့ကြားတယ်။ ကားအစီးအရည်အတွက်တော့ သေချားမသိဘူး”ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်ကလည်း လားရိူးမြို့အတွင်းရှိ လိုင်စင်မဲ့ကား အစီး ၅၀၀ ကျော်ကို စစ်ကောင်စီကဖမ်းဆီးခဲ့သေးကြောင်း သိရသည်။