ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ တနင်္ဂနွေနေ့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့်မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တစ်ဝန်းတွင် အိမ်ခြေပေါင်းတစ်သိန်းကျော်ပျက်စီးခဲ့သည်ဟု ရခိုင့်တပ်တော် (AA) က MPA သို့အတည်ပြုပြောကြားသည်။
မေလ ၁၉ ရက်နေ့အထိကောက်ယူထားသည့် အချက်အလက်များအရပြိုပျက်သွားသည့် အိမ်များသည်သိန်းဂဏန်းကျော်နေပြီဖြစ်ပြီး ထို့ထက်လည်း ပို၍များလာနိုင်ကြောင်း သိရသည်။
“အခုရထားတဲ့စာရင်းတွေအရ ပြိုပျက်သွားတဲ့ အဆောက်အအုံအိမ်ခြေအရေအတွက်က တစ်သိန်းသုံးသောင်းကျော်ရှိနေပြီ ဒီ့ထက်လည်း ပိုများလာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ရသေ့တောင်နဲ့ ဘူးသီးတောင်ဘက် အပျက်အစီးတွေကတော့အားလုံးမစုံသေးဘူး။ အဲ့ဒီဘက်ကစာရင်းတွေရရင်တော့ ဒီ့ထက်ကို ပိုများလာမှာ”ဟု ရခိုင့်တပ်တော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရှင်းပြသည်။
ထို့အပြင် လူအသေအပျောက်စာရင်းသည် မေလ ၁၉ ရက်နေ့ထိ ရခိုင့်တပ်တော်မှ ရရှိထားသည့်စာရင်းများအရ ၆၉ ဦးရှိကြောင်းလည်း စုံစမ်းသိရှိရသည်။
“လူသေဆုံးတဲ့စာရင်းကတော့ ကျွန်တော့လက်ထဲရောက်တဲ့ စာရင်းတွေအရတော့ ၆၉ ယောက်ရှိတယ်။ အဲ့ဒီထဲမှာ ပေါက်တောမြို့နယ်ထဲမှာ၂ ယောက်၊ကျောက်တော်မြို့နယ်မှာ ၂ ယောက်၊ စစ်တွေမှာရခိုင် ၅ ယောက် မွတ်ဆလင် IDP ကဒ်နဲ့နေတဲ့သူ ၂၂ ယောက်၊ ရသေ့တောင်ဘက်မှာ ၃၃ ယောက်၊ ပုဏ္ဏားကျွန်းမှာ ၄ ယောက်နဲ့ ရမ်းဗြဲမှာ ၁ ယောက် သေဆုံးတယ်လို့ စာရင်းရထားတယ်။ နောက်ကို အသေးစိတ်စာရင်းတွေရလာရင်တော့ ဒီ့ထက်ပိုများနိုင်မယ်ဗျ”ဟု ၎င်းက ဆက်ပြောသည်။
မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အား ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်သွားသည့်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးခဲ့ရသူအရေအတွက်ကို ထုတ်ပြန်ရာတွင်အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် စစ်ကောင်စီတို့ အကြား များစွာကွာဟမှုရှိနေသည်။
ထို့အပြင် ရခိုင့်တပ်တော် (AA) နှင့် မြေပြင်တွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ပရဟိတအသင်းများ၏ စာရင်းများသည်လည်း ကွာဟချက်များရှိသော်လည်း အတိအကျကို အတည်ပြုနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီမှ ကောက်ယူထားသည့် စာရင်းများအရရိုဟင်ဂျာဒုက္ခသည်များအပါအဝင် ရခိုင်ပြည်နယ်တစ်ဝန်းတွင် သေဆုံးသူသည်၁၄၅ ဦးသာ ရှိကြောင်း မေလ ၁၉ ရက်နေ့က ထုတ်ပြန်ထားကာအမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ မေလ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အပါအဝင် တစ်တိုင်းပြည်လုံးတွင် သေဆုံးခဲ့သူ ၄၅၅ဦးရှိကြောင်း ထုတ်ပြန်ထားသည်။
မေလ ၁၉ ရက်နေ့နောက်ဆုံးကောက်ယူထားသည့် စာရင်းများအရ စစ်တွေမြို့နယ်တစ်ဝိုက်တွင်သေဆုံးသူအရေအတွက်သည် ၁၀၄ ဦးရှိကြောင်းမြေပြင်စာရင်းများကောက်ယူနေသည့် ပရဟိတအသင်းများထံမှ သိရသည်။
“မိုခါဘေးကြောင့်လူတွေ ဟိုရောက်၊ ဒီရောက် ပျောက်ဆုံးနေသူတွေကို သေဆုံးအဖြစ် မှတ်ယူသွားတာတွေ ရှိတယ်။ တချို့ပြည်သူတွေကလည်း ကိုယ့်အရပ်မဟုတ်မုန်တိုင်းဒဏ်ကြောင့် တခြားကျေးရွာဒေသတွေကို ရောက်သွားကြတာတွေရှိတယ်။ စာရင်းတွေကောက်ရင်းနဲ့ လူတွေစုံလာတယ်။ အသေအပျောက်စာရင်း တိကျလည်း ထွက်လာနေပြီးတော့သေနှုန်းစာရင်းလည်း နည်းနည်း လျော့ကျလာနေတာ တွေ့ရပါတယ်။ အခုလို လူပိုစုံလာမယ်ဆို မှန်ကန်တိကျတဲ့စာရင်းလည်း ထပ်တွက်လာဦးမှာပါ”ဟု စစ်တွေမြို့တွင် မြေပြင်စာရင်းကောက်ယူနေသည့်ပရဟိတလူငယ်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင်လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းတစ်ချို့ ပြတ်တောက်နေကာကူညီကယ်ဆယ်ရေးများမှာလည်း အချိန်မီ မဝင်ရောက်နိုင်သေးသည့်အတွက်အခက်အခဲများကြုံနေရကြောင်း သိရသည်။ ထို့အပြင် အမိုးအကာများ အရေးပေါ်လိုအပ်နေပြီး သောက်သုံးရေ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများလည်း လိုအပ်နေသည်ဟု စုံစမ်းသိရှိရသည်။