ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာတွင် ယမန်နေ့ မေလ ၁၄ ရက်နေ့က ဒုံးပိုက်ကျေးရွာ ဓမ္မာရုံခေါင်မိုးပြိုကျသဖြင့် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၄ ဦး၊ စုစုပေါင်းလူ ၁၃ ဦးသေဆုံးခဲ့သည်ဟု သိရှိရသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက “အခုပဲ မြို့နယ်အုပ်ချုပ်ရေးမှူးကို မေးကြည့်လိုက်တာ။ ၁၃ ယောက် သေတယ်လို့ ပြောတယ်”ဟု ပြောသည်။
သေဆုံးသူများထဲတွင် အသက် ၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပါသွားခဲ့သည်ဟု သူက ဆက်ပြောသည်။
ရသေ့တောင်မြို့နယ်တွင်လည်း နေအိမ် အဆောက်အအုံ ၉ဝ ရာခိုင်နှုန်းခန့် ပြိုပျက်သွားခဲ့ပြီး ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများ အယောက် ၂ဝ ထက် မနည်း ရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယင်းနှင့် ပတ်သက်၍ ဒေသခံလူမှုကယ်ဆယ်ရေးအသင်းများနှင့် ဆက်သွယ်ရန် ကြိုးစားနေသော်လည်း ဆက်သွယ်မှုမရရှိသေးပေ။
အလားတူစစ်တွေမြို့တွင် လေဘေးခိုလှုံရန်စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းခဲ့သည့် အဆောက်အအုံတချို့ပြိုကျမှုကြောင့် သေဆုံးသူတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူတချို့ ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၁၄ ရက်နေ့တွင် မိုခါမုန်တိုင်းကြောင့် စစ်တွေနှင့် မြောက်ဦးမြို့နယ်တို့မှ လူ ၆ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် မြောက်ဦးမှ ကိုယ်ဝန်ဆောင် ၁ ဦး၊ စစ်တွေမြို့နယ်မှ ၅ ဦးနှင့် ရသေ့တောင်မြို့နယ်မှ ၁၃ ဦးရှိနေကြောင်း ကနဦး စုံစမ်းသိရှိရသည်။