ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခလရ ၂၇၅ တပ်ထဲသို့ ရဟတ်ယာဉ်ဖြင့် စစ်ကူနှင့် ရိက္ခာ လာပို့ကြောင်း သိရသည်။
ယနေ့ (ဧပြီ ၂၉ ရက်) မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စင်းဖြင့် စစ်ကူနှင့် ရိက္ခာများ လာရောက် ပို့ဆောင်ခြင်းဖြစ်ကြောင်း ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ စခအင်အားက ၂၀ လောက်ရှိမယ်။ အောက်ကို ဆင်းလာတာပေါ့။ ရိက္ခာထုပ်တွေလည်း ပါပါတယ်” ဟု ၎င်းက MPA သို့ပြောသည်။
မြဝတီမြို့သို့ စစ်ကူလာနေသည့် အောင်ဇေယျ စစ်ကြောင်းမှာမူ ဒေါနတောင်ပေါ်သို့ တက်နေပြီဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်တားဆီးလျက်ရှိသည်။
“ BGF တွေပြောတာတော့ စစ်သားတွေက ဒေါနတောင်ခြေအထိ ရောက်နေပြီပေါ့။ အဲ့မှာတိုက်ပွဲဖြစ်နေတာနဲ့ ဒီဘက် (မြဝတီ) ကို အခုထိမရောက်သေးတာပေါ့။ ဒီနေ့တော့ ၂၇၅ ဘက်ကို စစ်တပ်ဘက်က ဂျက်လေယာဉ်နှစ်စင်းနဲ့ နိမ့်နိမ့်လေးဝဲနေတာ တွေ့တယ်။ ဗုံးတော့ မကြဲပါဘူး” ဟု မြဝတီမြို့ပြင်နေ ပြည်သူတစ်ဦးက ပြောသည်။
လက်ရှိ မြဝတီမြို့တွင်းတွင် စစ်ကောင်စီတပ်နှင့် KNA တပ်တို့ ကင်းလှည့်လျက်ရှိပြီး အမှတ် ၁ တံတား မြန်မာဘက်ခြမ်း၌ စစ်ကောင်စီတပ်သားအချို့ ကင်းစောင့်လျက်ရှိကြောင်း MPA က စုံစမ်းသိရသည်။
ဧပြီ ၂၃ ရက်တွင် KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားသည့် ခလရ ၂၇၅ တပ်ရင်းအတွင်း သို့ BGF တစ်ဖြစ်လဲ ကရင်အမျိုးသားတပ်မတော် (KNA) အကူအညီဖြင့် စစ်ကောင်စီတပ်သားများ ပြန်လည်ရောက်ရှိ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဧပြီကိုးရက်တွင် ခလရ-၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၂၇၅ တပ်မှ စစ်သား ၂၀၀ ကျော်တို့သည် ဧပြီ ၁၀ ရက် ည၌ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးသို့ ထွက်ပြေးခဲ့ရသည်။ထို့နောက် ဧပြီ ၁၉ ရက်ညပိုင်းတွင် KNLA ပူးပေါင်းတပ်က အမှတ် ၂ တံတားအနီးရှိ စစ်သားများကို ဆက်လက်တိုက်ခိုက်ခဲ့သည်။